မှုခင်းသတင်း ပရဟိတအဖွဲ့ ဖွဲ့စည်းထားခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့်တကွ မည်သည့်ဌာနမှ တာဝန်ခံ ချိတ်ဆက်၍ ကြီးကြပ် ကွပ်ကဲနေသည်ကို သိရှိလိုခြင်း မေးမြန်း

နေပြည်တော် ၂ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂.၈.၂၀၁၉)တွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး မေးမြန်းသည့် “မှုခင်းသတင်း ပရဟိတအဖွဲ့ ဖွဲ့စည်းထားခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့်တကွ မည်သည့်ဌာနမှ တာဝန်ခံ ချိတ်ဆက်၍ ကြီးကြပ် ကွပ်ကဲနေသည်ကို သိရှိလိုခြင်း” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခဲ့သည်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၏ ဖြေကြားချက်မှာ မှုခင်းသတင်း ပရဟိတအမည်ဖြင့် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသေးကြောင်း သိရှိရသော်လည်း မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို ၂၅.၁.၂၀၁၇ရက်နေ့မှ ၃၀.၁၂.၂၀၂၂ရက်နေ့အထိ တရားဝင်မှတ်ပုံတင်ထားရှိပါကြောင်း၊ ၁၅.၂.၂၀၁၉ရက်နေ့တွင် မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းအမည်ကို အမှန်တရားချစ်မြတ်နိုးသူများအသင်း (အမှန်တရား ကူညီမှုအဖွဲ့) ဟု အမည်ပြောင်းလဲရန် ပြည်ထောင်စုမှတ်ပုံတင်အဖွဲ့သို့ တင်ပြထားရှိပါကြောင်း၊။

မှုခင်းသတင်းထောက်များအသင်းဥက္ကဋ္ဌ ဦးသက်နိုင်ဦး၊ တွဲဖက်ဥက္ကဋ္ဌ ဒေါ်သူသူဇင် မြန်မာနိုင်ငံစာရေးဆရာ အသင်းဗဟိုအတွင်းရေးမှူး ဦးငြိမ်းသူတို့ (၃)ဦး ဦးဆောင်၍ ၉.၃.၂၀၁၅ရက်နေ့တွင် ရှုထောင့်မှုခင်းသတင်းဂျာနယ်အားလည်းကောင်း၊ ၂.၈.၂၀၁၈ ရက်နေ့တွင် အမှန်တရားထူးခြားသတင်းနှင့် မှုခင်းဇုံဂျာနယ်အားလည်းကောင်း၊ ၂၅.၉.၂၀၁၈ရက်နေ့တွင် အထူးဟစ်တိုင်သတင်းအေဂျင်စီလုပ်ငန်း အားလည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင်မှတ်ပုံတင်ခွင့်ပြုချက်ရယူ၍ ပုံနှိပ်ထုတ်ဝေခြင်းနှင့် အင်တာနက်စာမျက်နှာများပေါ်တွင် လွှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

မှုခင်းကူညီမှုပရဟိတအဖွဲ့ရုံးခန်းများအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သာပေါင်း၊ ကြံခင်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျုံပျော်၊ ပန်းတနော်၊ မော်လမြိုင်ကျွန်းနှင့် မြန်အောင်မြို့နယ်များတွင် ဖွင့်လှစ်ထားရှိပြီး အဖွဲ့ဝင်များအား မီဒီယာအစီအစဉ်များဆိုင်ရာ ကျင့်ဝတ်များ၊ သတင်းမီဒီယာများ၏ ရပိုင်ခွင့်များ၊ သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်များနှင့် ကျင့်ဝတ်များ၊ ပြစ်မှု/ ပြစ်ဒဏ်များအား သိရှိလိုက်နာရန်အတွက် သင်တန်းဖွင့်လှစ် သင်ကြားပို့ချခြင်း၊ မှုခင်းကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းများတွင် အမှုဖွင့်အရေးယူထားရှိသော အမှုဖြစ်စဉ်များအား မှုခင်းဂျာနယ်များတွင် ရေးသားဖော်ပြခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါကြောင်း။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မှုခင်းသတင်းထောက်သူများအဖွဲ့၏ အဖွဲ့ဝင်အချို့မှ အပတ်စဉ်ထုတ်ဝေသည့် ရှုထောင့်မှုခင်းနှင့် သတင်းဂျာနယ်များအား လိုက်လံရောင်းချခြင်း၊ မှုခင်းသတင်းထောက်အမည် အသုံးပြု၍ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်း၊ ရဲစခန်းနှင့် တရားရုံးများတွင် အမှုပွဲစားများအဖြစ် လိုက်ပါဆောင်ရွက်ပေးခြင်း၊ အချို့မြို့နယ်များ၊ ကျေးရွာများမှ တူညီဝတ်စုံများ ဝတ်ဆင်၍ စက်ဘီး၊ ဆိုင်ကယ်များဖြင့် ဝင်ထွက်သွားလာခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ငွေကြေးပေးဆောင်ရသူများသည် သက်ဆိုင်ရာများသို့ သတင်းပို့တိုင်ကြားခြင်း မရှိသည့်အပေါ် အခွင့်ကောင်းယူ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါကြောင်း။

ထိုသို့ ဆောင်ရွက်လျက်ရှိသည့် မှုခင်းသတင်းထောက်များအား ၎င်းအသင်းအဖွဲ့များ၏ ခရိုင်၊ မြို့နယ်တာဝန်ခံများမှ ခေါ်ယူသတိပေးခြင်း၊ အသင်းမှ ထုတ်ပယ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ပြစ်မှုကျူးလွန်ခံရသည့်သူများမှ တိုင်တန်းသည့် အမှုများကို အမှုဖွင့် အရေးယူပြီး ဆောင်ရွက်သည့်ဖြစ်စဉ် (၄)ခု ရှိခဲ့ပါကြောင်းကို Power Point ဖြင့် ရှင်းလင်းတင်ပြလိုပါကြောင်း။

အသင်းအဖွဲ့များဥပဒေကို ယခင်ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ခံစီမံခန့်ခွဲခဲ့ပြီး ယခုအခါတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ၂၈.၁၂.၂၀၁၈ ရက်နေ့မှစ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းခဲ့ပြီး အသင်းအဖွဲ့များဆိုင်ရာ ကိစ္စရပ်များကို အဆိုပါဦးစီးဌာနမှ ဆက်လက်တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံသတင်းထောက်များအသင်း တရားဝင်မှတ်ပုံတင်ခွင့် လျှောက်ထားရယူထားရှိပြီး အမှန်တရားချစ်မြတ်နိုးသူများအသင်း(အမှန်တရားကူညီမှု အဖွဲ့)ဟု အမည်ပြောင်းလဲရန် ပြည်ထောင်စုမှတ်ပုံတင်အဖွဲ့သို့ တင်ပြထားရှိကြောင်း၊ ၎င်းအသင်းအဖွဲ့သည် သီးခြားအဖွဲ့အစည်းတစ်ရပ်ဖြစ်၍ အသင်းအဖွဲ့မှတ်ပုံတင်ဆိုင်ရာ ဥပဒေကို ကိုင်တွယ်ကျင့်သုံးရသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥပဒေနှင့် အညီ ထိန်းကျောင်းနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

MDN
Credit-အမျိုးသားလွှတ်တော်