မုဒုံမြို့ရှိ ရွှေဟင်္သာစျေးကြီးအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်

မုဒုံ အောက်တိုဘာ ၁

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ ရွှေဟင်္သာစျေးကြီးကို ဇူလိုင် ၅ ရက်မှစ၍ အခြေခံ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသည့် ဆိုင်များမှအပ စျေးအတွင်း ဆိုင်းခန်းများအား ယာယီပိတ်ထားရာ အောက်တိုဘာ ၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချခွင့်ပြုကြောင်း သိရသည်။

 

mdn

 

အဆိုပါစျေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများ ချိတ်ဆွဲထားခြင်း၊ လက်ဆေးဘေစင်များ ထားရှိခြင်း၊ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ပြီးမှသာ စျေးရောင်း စျေးဝယ် ပြုလုပ်ရန်၊ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အသား၊ ဟင်းသီးဟင်းရွက် ရောင်းချသူများ သတ်မှတ်နေရာတွင်သာ စျေးရောင်းစျေးဝယ် ပြုလုပ်ကြရန်၊ ဆိုင်ခန်းတစ်ခန်းတွင် လူ (၃) ဦးထက်မပိုရန် စသည့် အချက်များကို အသိပေးကြေညာထားသည်။ စျေးရောင်းချခွင့်ရသော စျေးသည်များအနေဖြင့် သတ်မှတ်စည်းကမ်းချက်များအား လိုက်နာခြင်းမရှိပါက ပထမအကြိမ် (၁၀) ရက်၊ ဒုတိယအကြိမ် တစ်လ ဆိုင်ပိတ်ခြင်း ခံရမည်ဖြစ်ပြီး စျေးအတွင်း နှာခေါင်းစည်း တပ်ဆင်ထားမှု မရှိပါက ဒဏ်ငွေ ကျပ် ၃၀၀၀ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စျေးအတွင်းရှိ ဆိုင်ခန်းပေါင်း (၄၃၈) ဆိုင်ကို ပြန်လည်ရောင်းချခွင့်ပြုကြောင်း သိရှိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)