မုဒုံမြို့နယ်တွင် ရေတွင်းဆင်းတူးရာမှ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးမှုဖြစ်ပွား

မုဒုံ မတ် ၂၈

 

မွန်ပြည်နယ် မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ ကိုးဧက ရော်ဘာခြံအတွင်း ရေတွင်းဆင်းတူးရာမှ အောက်ဆီဂျင်ပြတ်လပ်၍ မတ် ၂၇ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါ ရော်ဘာခြံအတွင်း အနက် ပေ ၃၀၊ အကျယ် ၅ ပေရှိ ရေတွင်းအတွင်း၌ အမျိုးသားတစ်ဦး မေ့လဲနေကြောင်း မုဒုံမြို့နယ် မီးသတ်စခန်းမှ သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင် (၃)ဦး၊ မီးသတ်စက်ယာဉ် (၁)စီးနှင့် လူမှုကယ်ကယ်ဆယ်ရေး အသင်းအဖွဲ့တို့က သွားရောက်ကူညီ ကယ်ဆယ်ခဲ့ရာ သေဆုံးနေပြီဖြစ်ကြောင်း၊ သတင်းရရှိချိန်တွင် မိနစ် (၃၀)ခန့် နောက်ကျနေပြီဖြစ်၍  အောက်ဆီဂျင်ပြတ်လပ်ကာ သေဆုံးသွားခဲ့ပြီး သေဆုံးသူအား မြေပြင်ပေါ်သို့ သယ်ဆောင်၍ စေတနာ့အလင်းရောင် နာရေးကူညီမှုအသင်းယာဉ်ဖြင့် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွင်းတွင် ရေတွင်းပျက်များအပါအဝင် ရေတွင်းများအတွင်း ဆင်းရာမှ အောက်ဆီဂျင်ပြတ်လပ် သေဆုံးသောဖြစ်ရပ်များမှာ မကြာခဏကြုံတွေ့နေရပြီး ဓာတ်ငွေ့ဆိုင်ရာ အသိပညာများအတွက် ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)