မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဆေးကုသခံယူနေသော လူနာများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

မုဒုံ       ဇူလိုင်   ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဆေးကုသနေသော လူနာများအတွက် အာဟာရများ၊ ဆေးဝါးများ၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သော ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် ဇူလိုင် ၁၇ ရက်က မြို့နယ်အတွင်းရှိ ပြည်သူများက မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူငွေများ လာရောက်လှူဒါန်းကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၂၉ ဦးရှိပြီး မုဒုံမြို့နယ် ပြည်သူ့ဆေးရုံရှိ သံဃာဆောင်၊  ဘဲရမ်းကျေးရွာရှိ  မိုးကုတ်ဝိပဿနာ တရားစခန်းနှင့် ဂျုံးဂျုံဂျတောရ စာသင်တိုက် စင်တာတို့တွင် ကုသပေးလျက်ရှိသည်။ အဆိုပါ လူနာများအတွက် မုဒုံမြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များတို့က အာဟာရများ၊ ဆေးဝါးများ၊ လိုအပ်သော ဆေးရုံသုံးပစ္စည်းများ ဝယ်ယူနိုင်ရေး အတွက် အလှူငွေကျပ် ၂၃၆၀၀၀၀ ကို မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက် လှူဒါန်းကြခြင်း ဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ပြင်းထန်စိုးရိမ်ရလူနာ သုံးဦး၊ ပြင်ထန်းအဆင့်လူနာ ခုနစ်ဦး စုစုပေါင်း လူနာ ၁၀ ဦးအား အောက်ဆီဂျင်ပေး ကုသနေရကြောင်း၊ ဇူလိုင် ၁၇ ရက်အထိ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၃၆၉ ဦးရှိပြီး အတည်ပြု လူနာများအနက် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၃၆ ဦးနှင့် သေဆုံးသူ လေးဦးရှိကြောင်း မုဒုံမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)