မုဒုံ ဇွန် ၁၃

 

မွန်ပြည်နယ် မော်လမြိုင်မြို့အနီး မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ကွင်းတစ်ခုနှင့် ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရေလွှဲလမ်းကြောင်း (ညောင်ကုန်းချောင်း)တွင် ပါဝင်သော မြေဧရိယာအသစ်အတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ရွှေဟင်္သာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။


ထိုသို့ မြေယာလျော်ကြေးငွေများ ထုတ်ပေးနေမှုကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များမှ ကြီးကြပ်၍ တာဝန်ရှိသူများက ငွေပေးချေရာတွင် လိုအပ်သော အထောက်အထားမှတ်တမ်းများ ပြုလုပ်ပေးခြင်း၊ လျော်ကြေးပေးချေရမည့် ပုံစံ (၁၂)အရ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဧရိယာ(ဧက) စစ်ဆေးခြင်းနှင့် ချက်ဖြင့် ငွေပေးချေခြင်း စသည့်လုပ်ငန်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးသည်။

 

အဆိုပါ စီမံကိန်းဧရိယာအတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေလမ်းကြောင်းလွှဲခြင်းနှင့် ညောင်ကုန်းချောင်း အကျယ်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတွင် မြေအဖြစ် အသုံးပြုရန်ပါဝင်သော တောင်သူ (၁၈)ဦး၏ လယ်ဧက (၂၈ ဒသမ ၂၉)ဧက၊ သီးနှံပင် (၈၇)ပင်များအတွက် စုစုပေါင်းလျော်ကြေးငွေ ကျပ် ၁၆၂၆၁၇၆၄၀ ကို တာဝန်ရှိသူများက တောင်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ (ပြန်/ဆက်)