မုဒုံမြို့၌  ဘက်စုံအဆင့်မြင့်နည်းပညာ သုံးစံပြကျေးရွာများသို့ နွေစပါးမျိုးစေ့တင်း (၃၀၀) ထောက်ပံ့ ပေးအပ်

မုဒုံ ဒီဇင်ဘာ ၁

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ၏ လယ်ဧကများအတွက် နွေစပါးမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘဲရမ်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ ကျင်းပသည်။

 

အခမ်းအနားသို့ မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူ များ တက်ရောက်ခဲ့ကြပြီး  မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးငြိမ်းချမ်ကျော်က ဘက်စုံ အဆင့်မြင့်နည်းပညာသုံး၍ အထွက်နှုန်းမြင့်မားအရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့် မျိုးစေ့များ  ကျယ်ကျယ်ပြန့်ပြန့်   တိုးတက်စိုက်ပျိုးလာစေရန်၊ သမရိုးကျနည်းပညာများကို ပြောင်းလဲကျင့်သုံးပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းပညာများဖြင့် လယ်ယာထွက်ကုန် သီးနှံများ စျေးကွက်ရရှိစေရန်နှင့် စီးပွားရေးတွက်ခြေကိုက်ပြီး ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ခု ကို တောင်သူများထူထောင်နိုင်ရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးကို သီးနှံသက်တမ်းအလိုက် ပြုစုစောင့်ရှောက်ခြင်းဖြင့် တောင်သူများ ထိခိုက်ဆုံးရှုံးမှုနည်းပြီး အကျိုးအမြတ်ပိုမိုရရှိ၍ ဝင်ငွေတိုးလာစေရန်၊ ရိတ်သိမ်း ခြွေလှေ့ရာတွင် ရိတ်သိမ်းချိန်လွန်နည်းပညာများနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် စပါးလေလွင့် ဆုံးရှုံးမှုကို သက်သာစေရန်အတွက် တောင်သူများကို စိုက်ပျိုးရေးဦးစီးမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထိုသို့ နွေစပါးမျိုးစေ့ထောက်ပံပေးအပ်ရာတွင်  ဘက်စုံနည်းပညာသုံးစံပြကျေးရွာ ဖြစ်သည့် ဘဲရမ်းကျေးရွာ၊ ကွမ်တာကျေးရွာများမှ တောင်သူ (၅၇) ဦး၏  လယ်ဧက (၃၀၀) ဧကအတွက် တစ်ဧကလျှင် (၁)တင်းနှုန်း စုစုပေါင်း တင်းပေါင်း ( ၃၀၀ )ကို တာဝန်ရှိသူများတို့မှ တောင်သူများထံ လက်ဝယ်အရောက်အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)