မုဒုံမြို့၌ အိမ်အရောက်ဝန်ဆောင်မှုဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက် ဆေးကုသပေးလျက်ရှိ

မုဒုံ     သြဂုဏ်    ၈

 

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာလတွင် ကျန်းမာရေး စောင့်ရှောက်မှုခံယူရန်လိုအပ်သော အသက်ကြီးရွယ်အိုများ၊ ဖျားနာလျက်ရှိသည့် လူနာများအား ကျန်းမာရေး စောင့်ရှောက်ကုသပေးခြင်း၊ တိုင်ပင်ဆွေနွေးခြင်းတို့ကို အိမ်အရောက်ဝန်ဆောင်မှုဖြင့် အခမဲ့ဆောင်ရွက်ပေး လျက်ရှိ​ကြောင်း သိရသည်။

     

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက်ကာ မုဒုံမြို့နယ် မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် လမ္မကြီးလူငယ်အဖွဲ့တို့က မုဒုံမြို့ရှိ သက်ကြီးရွယ်အိုများအား ဦးစားပေး၍ ကျန်းမာရေးမကောင်းသည့် ဖျားနာလူနာများအတွက် ဒေါက်တာဟန်ဇင်ဖြိုးနှင့် ဒေါက်တာသီသီအေးတို့က  လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုများအား အိမ်အရောက် အခမဲ့ကြည့်ရှုတိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ စစ်ဆေးကုသပေးခြင်းတို့ကို   တစ်ရက်လျှင် လူနာ ၁၀ ဦးနှုန်းဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလားတူ နောင်ရက်များတွင် လူဦးရေအရေအတွက် တိုးမြှင့်သတ်မှတ်၍ အခမဲ့ဝန်ဆောင်မှုကုသပေး ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် မြန်မာ့လူငယ် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)