မုဒိတာပွား၍ ကောင်းကျိုးများ ဆောင်ကြဉ်း

mdn

နေပြည်တော် ၂၀ အောက်တိုဘာ

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီဒုတိယအကြိမ် နှစ်ပတ်လည်အခမ်းအနားကို အောက်တိုဘာ ၁၈ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ရာ UEHRD ကော်မတီဥက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ပြည်ထောင်စုတစ်ခုလုံးပါဝင်ရမယ့် လုပ်ငန်းဆိုတာ ကျွန်မတို့ပြည်ထောင်စုရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်နိုင်ရင် ကျန်တဲ့သူက မုဒိတာပွားနိုင်ရမယ်”ဟု ပြောကြားခဲ့သည်။

 

UEHRD ကော်မတီကို ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ ပြသာနာများကို ဖြေရှင်းနိုင်ရန်အတွက် အားလုံးစုပေါင်းပြီး ဖြေရှင်းလုပ်ကိုင်မည်ဆိုသည့် စိတ်ဓာတ်ဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်ကတည်းက ရခိုင်ပြည်နယ်အတွက်သာမက ပြည်ထောင်စုကြီးတစ်ခုလုံးအတွက်ပါ ဆောင်ရွက်ရမည့်လုပ်ငန်းအဖြစ် သတ်မှတ်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်သာမက အခြားဒေသအချို့တွင်လည်း ပဋိပက္ခများ၊ ပြသာနာများ၊ လိုအပ်ချက်များ အနည်းနှင့်အများ ဖြစ်ပေါ်ခဲ့သည်။ ထိုဖြစ်ပေါ်မှုများကို ကိုယ့်ခွန်ကိုယ့်အားဖြင့် သက်ဆိုင်ရာတို့က အဆောတလျင် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ရခိုင်ပြည်နယ်အရေးကိစ္စမှာ လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရ နိုင်ငံတကာဖိအားပေးမှုများနှင့်အတူ ရင်ဆိုင်ဖြေရှင်းနေရသဖြင့် ကော်မတီအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ နှစ်နှစ်တာကာလအတွင်း သိသာထင်ရှားသော တိုးတက်မှုများရရှိလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

ယင်းတိုးတက်ဖြစ်ထွန်းအောင်မြင်မှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  “ကျွန်မတို့ပြည်ထောင်စု ဘယ်နေရာမှာပဲဖြစ်ဖြစ် အခြေအနေလေးနည်းနည်းပိုပြီးတော့ ကောင်းသွားပြီဆိုရင် ကျန်တဲ့ပြည်ထောင်စု တစ်ခုလုံးမှာရှိတဲ့ ပြည်သူ ပြည်သားများ၊ ပြည်ထောင်စုသားသမီးများအားလုံးဟာ ဒါကို ဝမ်းမြောက်နိုင်ရမယ်။ ဂုဏ်ယူနိုင်ရမယ်။ ကျေနပ်နိုင်ရမယ်။ ဒီလိုစိတ်ဓာတ်နဲ့ အားလုံးပါဝင်ပြီးတော့ ကူညီပေးဖို့ဟာ ကျွန်မတို့ဦးတည်ရာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

 

ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း၍ ပြည်တွင်း ပြည်ပအလှူရှင်များ၊ မိတ်ဆွေများက ဝိုင်းဝန်းကူညီပေးခဲ့ကြသည်မှာ မှန်သော်လည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းသောအခါတွင် ကိုယ့်ခွန် ကိုယ့်အား ကိုယ့်အားကိုယ်ကိုးပြီး များသောအားဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ကော်မတီအနေဖြင့် မူလခံယူထားသည်နှင့်အညီ ပြည်ထောင်စုတစ်ခုလုံးပါဝင်ရမည်ဟူသော မျှော်မှန်းချက်အတိုင်း ဦးလည်မသုန်ဆောင်ရွက်လျက်ရှိရာ ထိုအောင်မြင်တိုးတက်မှုများအပေါ် ကျန်ရှိသူများအားလုံးက မုဒိတာပွားကြရမည်ဖြစ်သည်။

 

နိုင်ငံတိုးတက်ရေးကိုဆောင်ရွက်ရာ ရခိုင်ပြည်နယ်အရေးအတွက် သာမက ပြည်ထောင်စုကြီးတစ်ခုလုံး ရေရှည်တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မုဒိတာပွားနိုင်ခြင်းသည် အခြေခံစွမ်းအားတစ်ရပ်ဖြစ်ပြီး ဖြစ်ပွားနေသည့် ပြသာနာများကို ပြည်ထောင်စုသားအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုစွမ်းအားဖြင့် ဖြေရှင်းနိုင်လျှင် နောင်လာနောင်သားမျိုးဆက်များအတွက် တန်ဖိုးမဖြတ်နိုင်သော စွမ်းအားအမွေအနှစ်များ ဖြစ်လာမည်မှာ အမှန်ဖြစ်သည်။

 

ထိုကဲ့သို့သော ယုံကြည်မှုစွမ်းအားများကို တည်ဆောက်ပေးနိုင်ပါက နောင်အနာဂတ်တွင် ပြည်ထောင်စုကြီးအတွင်း မည်သို့သော အခက်အခဲများ၊ စိန်ခေါ်မှုများရှိသည်ဖြစ်စေ၊ ရင်ဆိုင်ရသည်ဖြစ်စေ ကျော်လွှားနိုင်မည်ဖြစ်သည်။ စုစည်းညီညွတ်မှု၏ အောင်မြင်ခြင်း နိုင်ငံသမိုင်းကြောင်းသည် နောင်ခေတ်အဆက်ဆက်အတွက် အင်အားများဖြစ်စေသည်မှာ ထိုညီညွတ်မှုများ၊ ဖြေရှင်းနိုင်မှုများကို ဆင်ခြင်စဉ်းစားတွေးခေါ်၍ အနာဂတ်အတွက် ဖြေရှင်းရမည့်နည်းလမ်းများ၊ ရင်ဆိုင်ရဲသော သတ္တိများ မွေးဖွားပေးသည်။

 

သို့ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်တိုးတက်မှုများကို မုဒိတာပွားပြီး  ကျန်ပြည်ထောင်စုတစ်ခုလုံးမှာ တစ်ခုစီ တစ်ခုစီ တိုးတက်မှုများကိုလည်း မုဒိတာပွား၍ ဖြစ်ပေါ်လာသော ယုံကြည်မှုများကို ပြည်သူပြည်သားများအားလုံး လွှမ်းခြုံကာ အနာဂတ်ပြည်ထောင်စုနိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုဆောင်ကြဉ်းနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ကြေးမုံ