မတူပီ-မင်းတပ်လမ်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကို ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

နေပြည်တော် ၂ သြဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် မတူပီ မဲဆန္ဒနယ်မှ ဦးပါထန်းက မတူပီ-မင်းတပ်လမ်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်၍ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကို ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက နှစ်စဉ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းသားပဲ့ကျခြင်းနှင့် တောင်ပြိုခြင်းများကြောင့် လမ်းသား ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်လာ၍ အဆိုပါလမ်းမကြီးအား ယခုအချိန်တွင် အလေးထားပြီး ပြင်/ထိန်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ 


၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုပြင်/ထိန်းရန်ပုံငွေ ၂၉၈.၉၀၄ သန်းနှင့် ပြည်နယ်ရန်ပုံငွေ ၅၁၀၁ သန်းတို့ဖြင့် မော်တော်ယာဉ်ကြီး/ငယ်များ ရာသီမရွေးသွားလာနိုင် ရန်အတွက် ၂၉ မိုင် ၆ ဖာလုံရှိသည့်လမ်းကို ကတ္တရာထပ်ပိုးလွှာခင်းပေးခဲ့ပြီး ၃၄ ပေအကျယ် ကတ္တရာ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ၊ လမ်းဖြောင့်ကွေ့ပြီး ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ၊ လမ်းသားနိမ့်ကျနေသည့် နေရာများကို အမာခံလမ်းခင်းပေးခြင်းလုပ်ငန်းများ၊ Gabion Wall တည်ဆောက်ခြင်းလုပ်ငန်းများ၊ ရေထုတ်ပြွန် ၁၂ စင်း၊ သံကူကွန်ကရစ်တံတား လေးစင်း၊ Gabion Box Walling ၄၆၈ ခု အစရှိတဲ့လုပ်ငန်းများကို မိမိတို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။


၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၀ဝ၀ သန်းနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ၂၈၉၇ သန်း လျာထားတင်ပြတောင်းခံပြီး ခွင့်ပြုချက်ရရှိပါက ၂ မိုင် ၂ ဖာလုံအကျယ် ၃၄ ပေ လမ်းတာချဲ့ခြင်း၊ ၂ မိုင်အရှည် ၃၄ ပေ ကွန်ကရစ်လမ်းခင်းခြင်း၊ ၁၂ မိုင် ၁ ဖာလုံကို ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လမ်းတာချဲ့ပြီး အပိုင်း ၁ မိုင် ၄ ဖာလုံကို အမာခံကျောက်လမ်းခင်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ လျာထားလုပ်ငန်းများ ဆောင်ရွက်ပြီးသွားပါက လမ်းတစ်လမ်းလုံးတွင် ကတ္တရာကွန်ကရစ်လမ်း ၃ မိုင် စုစုပေါင်း ၁၀၂ မိုင်ရှိပါကြောင်း၊ AC လမ်း ၃ မိုင်နှင့် ကတ္တရာ လမ်း ၂ မိုင်နှင့် ကွန်ကရစ်လမ်း ၂ ဖာလုံနှင့် ကတ္တရာ လမ်း ၉၈ မိုင် ၆ ဖာလုံ ဆောင်ရွက်ပြီးစီးသွားမည် ဖြစ်ပါကြောင်း။


မင်းတပ်-မတူပီလမ်းကို အဆင့်မြှင့်တင်ဆောင်ရွက် နိုင်ရေးအတွက် နှစ်စဉ်ရန်ပုံငွေများ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန် ကျန်ရှိသော လမ်းပိုင်းများ ကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည် ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။


MDN
Credit- ပြည်သူ့လွှတ်တော်