မတ္တရာမြို့၌ ဆီမီး(၁၀ဝ၀)၊ ပန်း(၁၀ဝ၀)၊ ရေချမ်း(၁၀ဝ၀)နှင့် သစ်သီး(၁၀ဝ၀) ကပ်လှူပူဇော်

မတ္တရာ    ၁၅  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့ရှိ အေးမြချမ်းသာဆုတောင်းပြည့် ဘုန်းတော်တိုး မြို့ထောင့်စေတီတော်ကြီး၌ သီတင်းကျွတ်လပြည့်ညတွင် ဆီမီး(၁၀ဝ၀)၊ ပန်း(၁၀ဝ၀)၊ ရေချမ်း(၁၀ဝ၀)နှင့် သစ်သီး(၁၀ဝ၀) ကပ်လှူပူဇော်ပွဲကို စာပေချစ်သူများ အသင်း Book Club မှ ဉီးဆောင်၌ အလှူရှင်များဖြင့် ကျင်းပပူဇော်ခဲ့ကြသည်။

 

“ရှေးဟောင်းသမိုင်းဝင် အေးမြချမ်းသာဘုန်းတော်တိုး စေတီတော်မြတ်ကြီးမှာ မတ္တရာမြို့တည်မင်းများဖြစ်တဲ့ ပျူမင်းနှင့် ပြုံးမင်းလက်ထက်မှာ ရှမ်းမောင်နှစ်မ တည်ထားကိုးကွယ် ခဲ့တာဖြစ်ပါတယ်။ ၁၃၆၁ခုနှစ်မှာ မတ္တရာမြို့ မစိုးရိမ်ဆရာတော် ဘုရားကြီး ဦးသီရိန္ဒမှ ပြန်လည်ပြုပြင်ခဲ့ပြီး ၁၃၈၀ ခုနှစ်မှာ စာပေချစ်သူများအသင်းက ဦးဆောင်၍ အလှူရှင်များဖြင့် စုပေါင်းပြီးတော့ ချုံနွယ်တွေရှင်းလင်းပြီး စေတီတော်ကြီးကို  ရောင်တော်ပြန်လည်ဖွင့်လှစ်ပြီး   တပို့တွဲလပြည့်နေ့မှာ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော် ကို ပြန်လည် ကျင်းပနိုင်ခဲ့ပါတယ်။ ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ပထမအကြိမ်အဖြစ် ဆီမီး၊ ပန်း၊ ရေချမ်း၊ သစ်သီးကပ်လှူပွဲ ကျင်းပနိုင်ခဲ့ပါတယ် နောက်နှစ်တွေမှာလည်း နှစ်စဉ်ကျင်းပ သွားမှာဖြစ်ပါတယ်ဟု စာပေချစ်သူများအသင်း ဥက္ကဌ ဦးဇော်ထွန်းဦးမှ ပြော သည်။

 

ဆီးမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီး (၁၀ဝ၀) ကပ်လှူပူဇော်ပွဲသို့ အလှူရှင်များ၊ လုပ်အား ကုသိုလ်ရှင်များ၊ ဘုရားဖူးပြည်သူများ လာရောက်ပါဝင် ကုသိုလ်ယူခဲ့ကြပြီး လာရောက်သူ အပေါင်းအား စတုဒီသာကြာဇံချက်ဖြင့် တည်ခင်းဧည့်ခံကျေးမွေးခဲ့ကြကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)