မျှတမှုမရှိသည့်အဆုံးအဖြတ် လက်မခံဆန့်ကျင်ကန့်ကွက်

 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် စတင်ဖွဲ့စည်းစဉ်အချိန်မှစ၍ ကမ္ဘာ့နိုင်ငံများ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့်  ကမ္ဘာ့ငြိမ်းချမ်းရေး တို့အတွက်   ရည်ရွယ်ဖွဲ့စည်းထားသော နိုင်ငံအားလုံးကို ကိုယ်စားပြုသည့်အဖွဲ့အစည်း ဖြစ်ပါ သည်။ ကုလသမဂ္ဂအဖွဲ့ကြီး၏ မွန်မြတ်သော ရည်ရွယ်ချက်များနှင့်အညီ ကုလသမဂ္ဂလုပ်ငန်း အဖွဲ့များသည် ကမ္ဘာ့နိုင်ငံများ၏ အရေးအရာကိစ္စများကို တော်တည့်မှန်ကန်စွာ ဆောင်ရွက်မည်ဟု ယုံကြည်ထားပါသည်။

 

သို့သော် ကုလသမဂ္ဂ၏ လုပ်ငန်းအဖွဲ့အချို့သည် မြန်မာနိုင်ငံ၏ အရေးအရာကိစ္စများတွင် မွန်မြတ်သော ရည်ရွယ်ချက်များကိုသွေဖည်၍ အစဉ်အဆက်ဆောင်ရွက် နေသည်ကို တွေ့ရှိရပါသည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာအလုပ်သမား (ILO)(၃၄၄) ကြိမ်မြောက် အစည်းအဝေး တွင် လွတ်လပ်စွာ အသင်းအပင်းဖွဲ့ခြင်းနှင့် ဖွဲ့စည်းခွင့်ကို အသိအမှတ်ပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် အလုပ်သမားများကို အတင်းအကျပ် မလုပ်မနေရ အဓမ္မခိုင်းစေမှု ဆိုင်ရာပြဋ္ဌာန်းချက်တို့အား လိုက်နာဆောင်ရွက်မှုမရှိကြောင်း စွပ်စွဲချက်ဖြင့် စုံစမ်း စစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရန်ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရပါသည်။

 

ထို့အပြင် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးတွင် ဥရောပသမဂ္ဂကတင်သွင်းခဲ့သည့် မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက် အဆို ချမှတ်ခဲ့ပြန်ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ အစီရင်ခံစာတွင် နိုင်ငံရေးသွတ်သွင်းသည့် အချက်အလက်များ၊ မဟုတ်မမှန်သည့် စွပ်စွဲချက်များနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစီရင်ပိုင်ခွင့်အတွင်း ရောက်ရှိနေသောကိစ္စရပ်များ ပါဝင်နေပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုတွင် ကောင်စီ၏ လုပ်ထုံးလုပ်နည်း များနှင့် ကိုက်ညီမှုမရှိခြင်း၊ ဆုံးဖြတ်ချက်အဆိုတွင်ပါရှိသည့် အချက်အလက်များသည် ခိုင်လုံမှု မရှိခြင်းတို့ကြောင့် ယင်းအဆိုကို မြန်မာနိုင်ငံအနေဖြင့် လက်ခံနိုင်ခြင်းမရှိပေ။

 

ထိုသို့ တစ်ဖက်သတ် ဆုံးဖြတ်လုပ်ကိုင်ဆောင်ရွက်မှုများသည် အမှန်တကယ် အားဖြင့်ဆိုလျှင် အထူးအဆန်းတော့ မဟုတ်ပါ။ မြန်မာနိုင်ငံအပေါ် အလိုမကျသည့် နိုင်ငံကြီးအချို့၏ အလိုကျ  အစဉ်အလာမပျက် နိုင်ငံရေးအရ ထပ်ခါတလဲလဲ ဖိအားပေးဆောင်ရွက်နေခြင်းသာ ဖြစ်ပါသည်။ လူ့အခွင့်အရေးကို လက်တွေ့ကျကျ ကာကွယ်မြှင့်တင်ရန်   လုပ်ဆောင်လိုခြင်းထက်   အဆိုမူကြမ်း တင်သွင်းသူ၏ လိုလားချက်ကို အကောင်အထည်ဖော်ပေးနေခြင်းဖြစ်ပါသည်။ လူ့အခွင့်အရေး ကောင်စီ၏ အခြေခံမူတစ်ခုဖြစ်သည့် အပြန်အလှန်ဆွေးနွေးခြင်း အနှစ်သာရကို မျက်ကွယ်ပြု ထားပါသည်။ မတ်လ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပွဲတွင် မဟာမင်းကြီးက CRPH၊ NUG နှင့် PDF တို့၏ အကြမ်းဖက်မှုများကို အသိအမှတ်ပြုသော်လည်း ကိန်းဂဏန်းများကို လျှော့ပေါ့ဖော်ပြခဲ့သည့် အပြင် “လက်နက်ကိုင်ခုခံသူများ”ဟု အမည်တပ်၍ အကြမ်းဖက်လုပ်ရပ်များကို လမ်းကြောင်း ပေးကာ ဆူပူအုံကြွစေရန် လှုံ့ဆော်ခဲ့သည်။

 

မဟာမင်းကြီးသည် သက်ဆိုင်ရာနိုင်ငံ၏အမြင်ကို သင့်တင့်စွာ ထင်ဟပ်ဖော်ပြရန် မဖြစ်မနေ လိုအပ်သော်လည်း အများသိထုတ်ပြန်ပြီး အချက်အလက်များကို ထည့်သွင်းဖော်ပြရန် ပျက်ကွက ခဲ့သည်မှာ ပညာရှင်ပီသမှုနှင့် သမာသမတ်ကျမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်။ အကြမ်းဖက်လုပ်ရပ်များကို လျှော့လျှော့ပေါ့ပေါ့ တင်သွင်းထားပြီး အကြမ်းဖက်မှု နှိမ်နင်းနေသည့် အပေါ် ပိုပိုသာသာချဲ့ကားကာ ဓမ္မနှင့် အဓမ္မကို ပြောင်းပြန်လှန်၍ လုပ်ကြံဖန်တီးခဲ့သည်။ ဧပြီလ ၁ ရက်နေ့က ဆုံးဖြတ်ချက်များသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေး တွင် ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေသည်ကို အထင်အရှားတွေ့မြင်နေရသည်။ ဆုံးဖြတ်ချက်တွင် သေချာစွာစိစစ်ထားခြင်းမရှိသည့် အချက်အလက်များ၊ အခြေအမြစ်မရှိသည့် စွပ်စွဲချက်များ ပါဝင်သောကြောင့် ကောင်စီ၏အခြေခံမူများဖြစ်သည့် ဘက်လိုက်မှုမရှိရေး၊ ဓမ္မဓိဋ္ဌာန် ကျကျဖြစ်ရေးနှင့် လူ့အခွင့်အရေး ကိစ္စကိုင်တွယ်ရာတွင် သီးသန့်ရွေးချယ်ပြီး မပြုလုပ်ရေးတို့နှင့် ဆန့်ကျင်နေသည်။

 

သို့ဖြစ်ရာ ကမ္ဘာ့နိုင်ငံများ၏ အကျိုးစီးပွားနှင့် ပဋိပက္ခများကို သမာသမတ်ကျစွာ ဖြေရှင်း ဆောင်ရွက်ပေးရမည့် ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့အစည်း အချို့အနေဖြင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ လည်းကောင်း၊ အလုပ်သမား အရေးကို အကြောင်းပြ၍လည်းကောင်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင် မှုနှင့်ငြိမ်းချမ်းမှုကို ထိပါးစေသောလုပ်ရပ်များအား မြန်မာနိုင်ငံအနေဖြင့် လုံးဝ လက်မခံ ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း။       ။

ကြေးမုံ