မသန်သော်လည်း စွမ်းဆောင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နေကြသည့် မသန်စွမ်းအားကစားသမားများ

 

 

ဝင်းမြင့် (M P S F)

 

လူမှုဘဝတွင် အကြောင်းအမျိုးမျိုးကြောင့် မသန်စွမ်းသူဖြစ်နေကြသူများရှိရာ ဘဝကိုအရှုံးမပေးဘဲ အခက်အခဲ အမျိုးမျိုးအား ရင်ဆိုင်ကျော်ဖြတ်ပြီး ဘဝရပ်တည်မှုကို ကြိုးစားနေထိုင်လျက် ရှိကြသည်။ ယင်းတို့အနက်မှ မသန် သော်လည်း စွမ်းဆောင်မှုဖြင့် မိမိဘဝရပ်တည်မှုကို ရင်ဆိုင်ကျော်ဖြတ်ရုံမက နိုင်ငံ၏ဂုဏ်ကို ဆောင်ပေးနေသော မသန်စွမ်း အားကစားအကြောင်းကို ဖော်ပြလိုပါသည်။

 

မသန်စွမ်းအားကစားပြိုင်ပွဲများ

 

လူမှုနယ်ပယ်တွင် မသန်စွမ်းသူများ ၏ မသန်သော်လည်း စွမ်းဆောင်နိုင်သည့် ကိစ္စရပ်များ များစွာရှိရာ အထူးသဖြင့် မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုများကို အားကစားပြိုင်ပွဲများ၌ အထင်အရှား တွေ့မြင်နိုင်သည်။ ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲတွင် Olympic Games ပြိုင်ပွဲပြီးပါက Paralympic Games ကို လည်းကောင်း၊ အာရှအဆင့်အားကစား ပြိုင်ပွဲတွင် Asia Games ပြိုင်ပွဲပြီးပါက FESPIC Games (Far East & South Pacific Games)/ Asian Para Games ကိုလည်းကောင်း၊ အရှေ့တောင်အာရှ အဆင့် အားကစားပြိုင်ပွဲတွင် SEA Games ပြိုင်ပွဲပြီးပါက ASEAN Para Game ကိုလည်းကောင်း တာဝန်ယူ ကျင်းပသောနိုင်ငံ၊ ကျင်းပသောမြို့တွင် Able Persons ပြိုင်ပွဲပြီးပါက Disable Persons ပြိုင်ပွဲများကို ရက်ပိုင်းသာခြားပြီး ကျင်းပဆောင်ရွက်ကြသည်။ သန်စွမ်းသူ ကစားသမားများကဲ့သို့ပင် မသန်စွမ်းသူ ကစားသမားများကလည်း စွမ်းဆောင်မှုဖြင့် မိမိနိုင်ငံ၏ဂုဏ်ကို မြှင့်တင်ကြသည်။

 

မြန်မာ့မသန်စွမ်း ကစားသမားများသည် ကမ္ဘာ့အဆင့်၊ အာရှအဆင့်၊ အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်နိုင်မှု ဆုတံဆိပ်များရရှိကာ နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့မှုများရှိသည်။

 

၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲ (12 th ASEAN Para Games) ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ မသန်စွမ်း အားကစားသမားများက အားကစားနည်းရှစ်မျိုးဖြင့် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်မည့် အားကစားနည်းရှစ်မျိုးမှာ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘော်လီဘော၊ စားပွဲတင် တင်းနစ်၊ Goal Ball၊ အလေးမ၊ စစ်တုရင်တို့ဖြစ်သည်။

 

 ကိုယ်အင်္ဂါ ခြေ/လက် မသန်စွမ်းသူ၊ ကိုယ်အင်္ဂါ ခြေ/လက်စွန့်လွှတ်ထားရသူ၊ ပိုလီယို အကြောသေဖြစ်သူ မသန်စွမ်းကစားသမားများက ပြေးခုန်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ အလေးမကစားနည်းများကို ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ သူငယ်နာ အကြောတင်းဖြစ်သူ အားကစားသမားများသာ ဘောလုံးကစားနည်းတွင် ယှဉ်ပြိုင်ခွင့်ရှိပြီး Goal Ball နှင့် စစ်တုရင် ကစားနည်းများကို မျက်စိအမြင်အာရုံ ချို့ယွင်းသူများကသာ ယှဉ်ပြိုင်ခွင့် ရှိသည်။

 

မသန်စွမ်းမှုအဆင့်များကို ဆေးစစ်သတ်မှတ်ချက်ဖြင့် သတ်မှတ်ပေးပြီး အဆင့်တူသူ အချင်းချင်းကိုသာ ယှဉ်ပြိုင်စေခြင်းဖြစ်သည်။ ဥပမာ ဒူးအောက်စွန့်လွှတ်ထားသူနှင့် ဒူးအထက်စွန့်လွှတ်ထားသူများကို ခွဲခြား၍ အဆင့်တူသူအချင်းချင်းသာ ယှဉ်ပြိုင်စေခြင်း၊ လက်စွန့်လွှတ်ထားသူနှင့် ခြေထောက် စွန့်လွှတ်ထားသူများကို ခွဲခြား၍ အဆင့်အတူအချင်းချင်းသာ ယှဉ်ပြိုင်စေခြင်းပုံစံဖြစ်သည်။

 

 ASEAN Para Games တွင် မြန်မာ့ မသန်စွမ်း အားကစားသမားများ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ကစားနည်းရှစ်မျိုးကို အကျဉ်းမျှ မိတ်ဆက်ဖော်ပြပေးလိုပါသည် -

 

ပြေးခုန်ပစ်ကစားနည်း

 

ပြေးခုန်ပစ်ကစားနည်း (Athletics) ပြိုင်ပွဲများတွင် အပြေးနှင့်အခုန်ပွဲစဉ် ယှဉ်ပြိုင်မှုများ၌ Able Person များနှင့် သဘာဝချင်း မကွာခြားသော်လည်း အပစ်ပြိုင်ပွဲများတွင်မူ အသုံးပြုသည့် သံလုံး၊ သံပြားများ၏ အရွယ်အစား၊ အလေးချိန်မှာ အနည်းငယ်ကွာခြားမှုရှိသည်။ မသန်စွမ်းမှုအရ ရပ်ပစ်ခြင်း၊ ပစ်စင်ခုံ (Throwing Device) ဖြင့် ထိုင်ပစ်၍ ယှဉ်ပြိုင်ရခြင်းလည်း ကွဲပြား သည်။ အပြေးနှင့် အခုန်တွင် Able Person များထက် ပွဲစဉ်ပိုများသည်။ အကြောင်းမှာ မသန်စွမ်းမှု အဆင့်တူသူ အချင်းချင်းကိုသာ ယှဉ်ပြိုင်ရ၍ဖြစ်သည်။ ဥပမာ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် Able Person ၌ ကျား/မ နှစ်ပွဲသာရှိပြီး Disable Persons တွင် မသန်စွမ်းမှုအဆင့်အလိုက် ဒူးအောက်နှစ်ဖက်၊ ဒူးအောက်တစ်ဖက်၊ ဒူးအထက်နှစ်ဖက်၊ ဒူးအထက်တစ်ဖက်၊ လက်တစ်ဖက်၊ လက်နှစ်ဖက်၊ မျက်မမြင် (လုံးဝမမြင်၊ တစ်စိတ်တစ်ပိုင်းမြင်) စသည်ဖြင့် ကွဲပြားပြီး ကျား/မဖြစ်၍ ပွဲစဉ်များ များပြားသည်။ အပြေး၊ အခုန်၊ အပစ် အားလုံးပေါင်းက ပွဲစဉ်ပိုများသည်။

 

ရေကူးကစားနည်း

 

ရေကူးကစားနည်း (Para Swim- ming) မှာလည်း ပြေးခုန်ပစ်ကဲ့သို့ပင် မသန်စွမ်းမှုအလိုက် အဆင့်ခွဲခြား၍ ပြိုင်ပွဲများ ယှဉ်ပြိုင်ရသည်။ ကူးနည်းလေးမျိုး စလုံး ယှဉ်ပြိုင်နိုင်ပြီး Able Person ကဲ့သို့ အတူတူပင်ဖြစ်သည်။ ထူးခြားမှုမှာ မျက်စိအာရုံချို့တဲ့သူများလည်း ယှဉ်ပြိုင်နိုင်သည့်ပွဲစဉ်များ ပါဝင်သည်။

 

အလေးမကစားနည်း

 

အလေးမကစားနည်း (Para Power Lifting)သည် သန်စွမ်းသူများကဲ့သို့ ရပ်လျက် အလေးမရခြင်းပုံစံ မဟုတ်ဘဲ ပက်လက်လှန်၍ ရင်ဘတ်အပေါ်သို့ နည်းစနစ်မှန်ကန်စွာ မတင်တွန်းတင်ရသော ကစားနည်းဖြစ်သည်။ ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ရပြီး မတင်မှု နည်းစနစ်မှန်ကန်ရန် အလွန်အရေးကြီးသည်။

 

ထိုင်လျက်ဘော်လီဘောကစားနည်း

 

ထိုင်လျက်ဘော်လီဘောကစားနည်း (Sitting Volley Ball)မှာ ထူးခြားသော ကစားနည်း တစ်ခုဖြစ်သည်။ ထိုင်လျက် ကစားနည်းဖြစ်၍ သာမန်ကွင်းများထက် ကွင်းကျဉ်းခြင်း၊ ပိုက်နိမ့်ခြင်းမှ လွဲ၍ တစ်ဖက်ခြောက်ဦးကစားခြင်း၊ Libro ကစားသမားပါဝင်နိုင်ခြင်း၊ လှည့်ကစားရခြင်း၊ ဘောလုံးအရွယ်အစား နှင့် အမှတ်ပေးစည်းမျဉ်းများ၊ စပေး ဘောကစားခြင်း၊ ရိုက်ခုတ်ခြင်း၊ ကာခြင်း၊ ဆယ်မခြင်း စသည်တို့မှာ သာမန်ဘော်လီဘော ပြိုင်ပွဲကဲ့သို့ အတူတူပင်ဖြစ်သည်။ ထူးခြားချက်မှာ In Play ကစားစဉ် ဘောလုံးနှင့် မထိတွေ့မီ အဆင်ပြေသလို ရွေ့လျားနိုင်သော်လည်း ဘောလုံးနှင့်ထိတွေ့စဉ် ခုတ်ရိုက်ခြင်း၊ ပင့်ထောင်ခြင်း၊ ပိတ်ဆို့ကာကွယ်ခြင်း စသည်များဆောင်ရွက်စဉ် တင်ပါး မကြွရပါ။ ကြမ်းပြင်နှင့် ထိနေရမည်ဖြစ်ပြီး တင်ပါးကြွကြောင်း တွေ့ရပါက ပြစ်ဒဏ်(Foul) ဖြစ်သည်။ ထိုင်ကစားနည်းဖြစ်၍ ဘောလုံးအနိမ့်အကျမြန်ပြီး ကစားရခက်ခဲသော ပုံစံဖြစ်သည်။ မြန်မာ မသန်စွမ်း ဘော်လီဘောအသင်းသည် ASEAN Para Games ပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်ရောက်မှု ငါးကြိမ်၌ ချန်ပီယံသုံးကြိမ်၊ ဒုတိယတစ်ကြိမ် ရရှိထားသည်။ အာရှအဆင့်ပြိုင်ပွဲတွင် ASIA Para Games ၌ အာရှအဆင့် (၅) အထိ အောင်မြင်မှုရရှိထားသည်။

 

C P Football ဘောလုံးကစားနည်း

 

C P Football ဘောလုံးကစားနည်း (Cerebral Palsy Football) သည် သူငယ်နာ အကြောတင်းဖြစ်သူများ တစ်ဖက်ခုနစ်ယောက်စီဖြင့် ကစားရသော ကစားနည်းဖြစ်သည်။ သန်စွမ်းမှု သတ်မှတ်ချက် ဆေးအဆင့်များ သတ်မှတ်ထားကာ C P ဖြစ်ပြီး အလွန်သန်စွမ်းသူ၊ သာမန်သန်စွမ်းသူ၊ သာမန် ထက် နိမ့်သူများကို အချိုးကျသတ်မှတ်ချက် ဖွဲ့စည်းပုံ ပုံစံအတိုင်း ဖွဲ့စည်းပြီး ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ C P များဖြစ်၍ ဘောလုံးဖမ်းယူခြင်း၊ သယ်ယူခြင်း၊ ကန်ခြင်းနေရာများတွင် လိုရာမရောက် အခက်အခဲဖြစ်ရသည်။ သို့ရာတွင်လိုအပ်ချက်ကို အဆင်ပြေအောင် လေ့ကျင့်မှုဖြင့် ကြိုးပမ်းကစားကြရသည်။

 

စစ်တုရင်ကစားနည်း

 

စစ်တုရင်ကစားနည်း (Chess)ပြိုင်ပွဲမှာလည်း သာမန်လူများကဲ့သို့ ယှဉ်ပြိုင်မှု အတူတူပင်ဖြစ်သည်။ သို့ရာတွင် မျက်စိအမြင်အာရုံ ချို့ယွင်းသူများသာ ယှဉ်ပြိုင်ရသည့်ပွဲဖြစ်၍ မိမိနှင့်ပြိုင်ဘက်၏ ကစားအရုပ်များကို လက်ဖြင့်စမ်းသပ်ကာ အကွက်ရွှေ့ခြင်း၊ တစ်ဖက်ပြိုင်ဘက်၏ နောက်အကွက်ရွှေ့မည့် အခြေအနေများ ကို ကြိုတင်တွက်ဆရခြင်း၊ ဖြစ်လာနိုင်သော အခြေအနေပေါ် နည်းစနစ်များဖြင့် စဉ်းစားရခြင်းဖြင့် ဉာဏ်ရည်ထုတ် ပြိုင်ရသောပြိုင်ပွဲဖြစ်သည်။

 

Goal Ball ကစားနည်း

 

Goal Ball ကစားနည်းသည် အမြင်အာရုံချို့တဲ့သူများသာ ယှဉ်ပြိုင်ကစားရပြီး ဂိုးပေါက်နှစ်ဖက်ရှိ ကွင်းတွင် တစ်ဖက် သုံးဦးစီဖြင့် ပစ်ပေါက်စဉ် အသံမြည်သည့်၊ အသံကြားရသည့် ဘောလုံးကို ပစ်ပေါက်ဂိုးသွင်းခြင်း၊ ဖမ်းဆီးကာကွယ်ခြင်း ပြုလုပ်ရသည့် ကစားနည်းဖြစ်သည်။ ဘောလုံးမှ ထွက်လာသောအသံကို အာရုံစိုက်ပြီး လှုပ်ရှားကစားရသော ကစားနည်းဖြစ်၍ In Play ကစားနေစဉ် ကွင်းအတွင်းရှိသူ အားလုံးအသံတိတ်ပေးရန် အဓိကလိုအပ်ချက်ဖြစ်သည်။ မျက်မမြင် ကစားသမားများဖြစ်၍ ပြင်ပဆူညံသံကြောင့် ဘောလုံးမှထွက်လာသော အသံနှင့်ရောထွေးကာ အနှောင့်အယှက် ဖြစ်စေနိုင်၍ အသံတိတ်ဖြင့်နေရခြင်း ဖြစ်သည်။

 

စားပွဲတင်တင်းနစ်ကစားနည်း

 

စားပွဲတင်တင်းနစ် ကစားနည်း (Table Tennis) ပြိုင်ပွဲမှာလည်း သက်ဆိုင်ရာ မသန်စွမ်းမှုများအလိုက် ပြိုင်ပွဲများကျင်းပပေးသည်။ သာမန် ပြိုင်ပွဲစည်းကမ်းများအတိုင်းပင် ဖြစ်သည်။

 

မသန်စွမ်းသူများ ယှဉ်ပြိုင်ရမည့် ကစားနည်းများဖြစ်၍ အချို့နေရာများတွင် အထောက်အကူပြု ပစ္စည်းများ၊ ကိရိယာများ တပ်ဆင်အသုံးပြုနိုင်ခြင်း၊ အသုံးပြုရခြင်းများရှိသည်။ ခြေတုအတွက် ယခင်က သာမန်လမ်းလျှောက်ရုံ ဆောင်ရွက်ထားသည့် ခြေတုနေရာတွင် ထူးခြားသော အာနိသင်ရှိသည့် သတ္တုဖြင့် ပြုလုပ်ထားသော ပြိုင်ပွဲဝင်ခြေတုများ အသုံးပြုနိုင်သည်။ ခြေတု၏ အဆင့်မြင့် ကောင်းမွန်မှုပေါ် မူတည်၍ ခြေတုတစ်ချောင်း၏ တန်ဖိုးမှာလည်း မြင့်မားပါသည်။ ခြေတု၏ စွမ်းဆောင်ပေးမှုကလည်း အံ့မခန်းပင်ဖြစ်သည်။ ဥပမာအားဖြင့် အမျိုးသား-မီတာ(၁၀၀) အပြေးပြိုင်ပွဲတွင် ဒူးအောက်တစ်ဖက်မရှိသူက ၁၀ ဒသမ ၇၂ စက္ကန့်စံချိန်ရရှိခြင်း၊ အမျိုးသား-မီတာ(၂၀၀) အပြေးပြိုင်ပွဲတွင် ဒူးအောက် တစ်ဖက်မရှိသူက ၂၁ ဒသမ ၄၃ စက္ကန့်စံချိန်ရရှိခြင်း၊ အမျိုးသား-မီတာ(၄၀၀) အပြေးပြိုင်ပွဲတွင် ဒူးအောက်နှစ်ဖက်မရှိသူက ၄၅ ဒသမ ၈၅ စက္ကန့်စံချိန်ရရှိခြင်း၊ အမျိုးသား-အလျားခုန်ပြိုင်ပွဲတွင် ဒူးအောက် တစ်ဖက်မရှိသူက ၈ ဒသမ ၂၁ မီတာ စံချိန်ရရှိခြင်း၊ အမျိုးသား အမြင့်ခုန် ပြိုင်ပွဲတွင် ဒူးအထက်တစ်ဖက်မရှိသူက ၁ ဒသမ ၈၈ မီတာစံချိန်ရရှိခြင်းများ ဖြစ်သည်။ သံလုံး၊ သံပြား၊ လှံတံပစ် ပြိုင်ပွဲများတွင် မတ်တတ်မရပ်နိုင်သူများ အတွက် အထူးပြုလုပ်ထားရသော ထိုင်ခုံပစ်စင်များ၊ မျက်စိအာရုံချို့ယွင်းသူများကစားသည့် Goal Ball ပြိုင်ပွဲအတွက် အသုံးပြုရမည့် ဘောလုံးလိမ့်စဉ် အသံမြည်သည့်ဘောလုံးများ၊ မျက်စိအုပ်ပစ္စည်းများ၊ Chess ပြိုင်ပွဲအတွက် မျက်စိမမြင်သူများကစားရသည့် အထူးပြုလုပ်ထားသော စစ်တုရင်ခုံများနှင့် စစ်တုရင်အရုပ်များ၊ ပြိုင်ပွဲအတွက် အထူးပြုလုပ်ထားသည့် ပေါ့ပါးခိုင်ခံ့သည့် ဝှီးချဲများ အစရှိသည်များမှာ မသန်စွမ်း အားကစားသမားများအတွက် အထောက် အကူပြုပစ္စည်းများဖြစ်သည်။

 

စခန်းသွင်းလေ့ကျင့်

 

အာဆီယံ မသန်စွမ်းအားကစား ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန်အတွက် မသန်စွမ်း အားကစားအဖွဲ့ချုပ် တည်ရှိရာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း (၂၉)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီးရှိ မသန်စွမ်းအားကစား လေ့ကျင့်ရေးစခန်း ဝင်းအတွင်း စခန်းသွင်းကာ လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြသည်။ နိုင်ငံတော်၏ အားကစားမူဝါဒများနှင့်အညီ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ညွှန်ကြားမှု၊ လိုအပ်သည်များ ပံ့ပိုးမှု၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်၏ အနီးကပ် ကြီးကြပ်မှုများဖြင့် ယခင်နှစ်ပြိုင်ပွဲများထက် ဆုတံဆိပ်များ ပိုမိုဆွတ်ခူးရရှိနိုင်ရန် လေ့ကျင့်ကြိုးပမ်း လျက်ရှိနေသည်။

 

 စိတ်၏လိုအပ်ချက်ကို ကိုယ်ခန္ဓာက လိုက်ပါလှုပ်ရှားဆောင်ရွက်ရန် အခက်အခဲများစွာရှိသည်။ မသန်စွမ်းသူများမှာ ကိုယ်ခန္ဓာမသန်စွမ်းမှုကြောင့် ပို၍အခက်အခဲဖြစ်ရသည်။ မသန်စွမ်းမှုကို ဖြည့်စွက်ထိန်းညှိလျက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းကစားကာ အကောင်းဆုံးစံချိန်ရအောင် လေ့ကျင့်နေကြသော မသန်စွမ်းကစားသမားများ၏ စိတ်ဓာတ်ကိုအားပေးမြှင့်တင်ပေးမှု ပြုကြရပါမည်။ မသန်စွမ်းကစားသမားများ၏ ကြိုးပမ်းလေ့ကျင့်နေမှုများကို ပြည်သူများက သွားရောက်ကြည့်ရှု အားပေးခြင်း၊ ထောက်ပံ့ခြင်း၊ ကူညီမှုများပေးခြင်းနှင့် လိုအပ်သော အထောက်အကူပြုပစ္စည်း များ ပံ့ပိုးခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပေးလိုပါသည်။

 

 “မသန်လည်းလူ၊ သန်လည်းလူ၊ စွမ်းဆောင်မှုသာအဓိကဆိုသော မသန် စွမ်းကစားသမားများ၏ ခံယူချက်အတိုင်း မြန်မာ့မသန်စွမ်းအားကစားသမားများ အနေဖြင့် လာမည့် (၁၂) ကြိမ်မြောက် ASEAN Para Games တွင်လည်း ပိုမိုကောင်းမွန်သည့်စံချိန်များ ရရှိစွမ်းဆောင်နိုင်လျက် နိုင်ငံ့ဂုဏ်ကို ဆက်လက် မြှင့်တင်နိုင်ပါစေကြောင်း ယုံကြည်စွာဖြင့် ဂုဏ်ပြုဖော်ပြအပ်ပါသည်။