မသမာသောနည်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်များ ထုတ်ပေးခြင်း ပေါ်ပေါက်ပါက ထိရောက်စွာ အရေးယူလျက်ရှိ

နေပြည်တော် ၃၀ မေ

 

လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ - ၇ များ ထုတ်ပေးရာတွင် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ထားရှိမှုများ ပေါ်ပေါက်ပါက ထိရောက်သော အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။

 

 

ထို့ပြင် အကြောင်းအမျိုးမျိုးသော မသမာမှုများဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ထုတ်ပေးထားမှုများရှိသည်ဟု စစ်ဆေးပေါ်ပေါက်လာပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီ မသမာမှုများဆောင်ရွက်သော ဝန်ထမ်းများနှင့် အဆိုပါ မသမာမှုများအပေါ် ကြီးကြပ်ကွပ်ကဲရန် တာဝန်ရှိသော ဝန်ထမ်းအဆင့်ဆင့်ကိုလည်း ထိရောက်သော အရေးယူမှုများ ဆောင်ရွက်လျက်ရှိပြီး ထုတ်ပေးထားသော လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ များအား တောင်သူများမှ ပြင်ဆင်ပြီး စိုက်ပျိုးစရိတ်ချေးငွေများ အလွဲသုံးစားပြုလုပ် ထုတ်ယူနေမှုကို စစ်ဆေးတွေ့ရှိပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများရှိပါကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားသည်။

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး နဝမနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး မေးမြန်းသည့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ - ၇) ထုတ်ပေးထားမှုများအား ပြန်လည်စိစစ် စစ်ဆေးရန် အစီအစဉ် ရှိ/မရှိနှင့် တရားမဝင် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရယူပြီး စိုက်ပျိုးစရိတ်ချေးငွေ အလွဲသုံးစားပြု ထုတ်ယူနေမှုများအား ထိရောက်စွာ အရေးယူအပြစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအပေါ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက ၂၀၁၃ခုနှစ်၊ ပုံစံ (၇)များ စတင်ထုတ်ပေးစဉ်က ထုတ်ပေးရမည့် ပမာဏများပြားခြင်း၊ တိုတောင်းသောအချိန်ကာလအတွင်း တောင်သူလယ်သမားများ အလျင်အမြန် အကျိုးခံစားနိုင်ရေးအတွက် ကာလတိုအတွင်း ပြီးစီးအောင် ဆောင်ရွက်ခဲ့ရခြင်း၊ အတွေ့အကြုံနှင့် လုပ်ငန်းကျွမ်းကျင်မှု အားနည်းသည့် လုပ်အားပေးများ၊ နေ့စားဝန်ထမ်းများ ခေါ်ယူတာဝန်ပေး ဆောင်ရွက်ရခြင်းများ ရှိခဲ့ပါကြောင်း ရှင်းလင်းသည်။

 

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အချို့သော တာဝန်ရှိသူများက မသမာမှုများပြုလုပ်ခဲ့ခြင်း၊ အင်္ဂလိပ်ခေတ်က တိုင်းတာရရှိခဲ့သော ခေတ်ဟောင်းမြေပုံများအပေါ် အခြေပြုခဲ့ရခြင်း စသည့် အကြောင်းမျိုးစုံတို့ကြောင့် အချို့သောလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇)များမှာ ဧရိယာကိန်းဂဏန်းများ မှားယွင်းပြီး ပြင်ရာ၊ ဖျက်ရာများ အပါအဝင် အမှားအယွင်း များစွာဖြစ်ပေါ်ခဲ့သည့် အခြေအနေများ ရှိခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပေးပြီးသမျှ ပုံစံ(၇)များအားလုံးကို တစ်ခုချင်းအလိုက်၊ ဦးပိုင်အလိုက် ပြန်လည်စိစစ်ရမည်ဆိုပါက အချိန်ကာလ၊ ဝန်ထမ်းအင်အား၊ ကျခံသုံးစွဲရမည့် ငွေကြေးပမာဏ လိုအပ်ချက်များစွာရှိလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်ကြားခံရခြင်း၊ မမှန်မကန်ဆောင်ရွက်ထားကြောင်း ပေါ်ပေါက်ခြင်း၊ သံသယဖြစ်ဖွယ်ရှိခြင်းနှင့် လုပ်ငန်းလိုအပ်ချက်ပေါ်ပေါက်ခြင်း စသည့်ကိစ္စရပ်များအပေါ် အခြေတည်၍ ပြန်လည်စိစစ် ဆောင်ရွက်နိုင်ရန် စီမံလုပ်ကိုင်လျက်ရှိပါကြောင်း  ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးက တောင်သူများမှ စိုက်ပျိုးစရိတ်ချေးငွေနှင့် ပတ်သက်၍ အလွှဲသုံးစားပြု ထုတ်ယူခြင်းများအား ကာကွယ်စစ်ဆေးနိုင်ရန်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ စိစစ်ပေးပါရန် အကြောင်းကြားလာပါက အရေးယူ ဆောင်ရွက်မှုများရှိပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်များကို မြို့နယ် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးရှိ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင် စာရင်းပုံစံ (၅) မှတ်တမ်းဖြင့် တိုက်ဆိုင်လျက် စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

 

တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများအတွက် လက်ရှိအသုံးပြုခွင့် ရရှိထားသည့် လယ်ယာမြေများကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရာတွင် ၂၀၁၂ ခုနှစ် လယ်ယာမြေနည်း ဥပဒေ၊ အခန်း(၂)၊ အပိုဒ်(၃)မှ အပိုဒ်(၁၄)အထိ ပြဋ္ဌာန်းချက်ပါအတိုင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ စနစ်တကျ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

                     

အောင်ရဲသွင်