မဖြစ်မနေ အိမ်မှာနေ

mdn

နေပြည်တော် ၂၁ စက်တင်ဘာ

 

ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်ရှိသည့် မြို့နယ်အားလုံးတွင် နေထိုင်ကြသည့် ပြည်သူများ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်ကို ချမှတ်လိုက်ရပြီဖြစ်သည်။ အကြောင်းရင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဖြစ်သည်။

 

နေ့စဉ်ဓာတ်ခွဲအတည်ပြု လူနာများ တွေ့ရှိမှုအခြေအနေနှင့် ခရီးသွားရာဇဝင်မရှိသူ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် ထိတွေ့ခြင်း မရှိခဲ့သူများတွင်လည်း ဗိုင်းရပ်စ်ပိုးကူးစက်မှုများကို အများအပြား တွေ့ရှိလာရခြင်းက ရန်ကုန်တွင် ဗိုင်းရပ်စ်ပိုးပျံ့နှံ့နေပြီဟု အချက်ပြနေသည့် အဓိပ္ပာယ်ကို ဆောင်နေသည်။ ယင်းအခြေအနေအပေါ် စိုးရိမ်မှုများလည်း ရှိနေပြီး မြို့ကိုအလုံပိတ် ကန့်သတ်တားဆီး ထားရန်အထိပင် ရေးသားဖြန့်ဝေမှုများကို လူမှုကွန်ရက်များပေါ်တွင် တွေ့ရှိနေရသည်။ မည်သို့ပင်ဆိုစေ ပြည်သူများနေအိမ်တွင် နေထိုင်ရေး အစီအစဉ်သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်ကို လျှော့ချနိုင်မည်ဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ရောဂါကူးစက်မှုကို ဖြတ်တောက်နိုင်မည်ဖြစ်သည်။ သို့ရာတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ ချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုတို့ကသာ အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

 

စက်တင်ဘာ ၂၁ ရက် (ယနေ့) နံနက် ၈ နာရီတွင် စတင်သက်ရောက်သည့် ပြည်သူများ မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်အရ မူလအရေအတွက်၏ ထက်ဝက်ဖြစ်သော ရုံးဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေရေးကြေးရေးလုပ်ငန်းများ၊ စားသောက်ကုန်၊ သားငါး၊ ဆေးဝါး ရေသန့်နှင့် လူသုံးကုန်ထုတ်လုပ်မှုတို့မှ လုပ်ငန်းခွင်ဝင်မည့်သူများ၊ ဈေးဝယ်မည့်သူများ၊ ဆေးရုံဆေးခန်းသွားမည့်သူများကို စည်းစနစ်ဖြင့် ခွင့်ပြုထားသည်။ ဝန်ထမ်းကြိုပို့ ကိစ္စ၊ ကျန်းမာရေးကိစ္စ၊ ဈေးဝယ်ကိစ္စတို့အတွက် မော်တော်ယာဉ်များ သွားလာခွင့်ပြုထားသည်။ နေ့စဉ်မဖြစ်မနေ လည်ပတ်ရမည့် လူမှုယန္တရားကြီး လည်ပတ်နိုင်ရေးအတွက် ခွင့်ပြုထားခြင်းဖြစ်ရာ မလိုအပ်ဘဲ အိမ်အပြင်သို့မထွက်ခြင်းက အန္တရာယ်ကင်း ဘေးရှင်းစေမည်။ မိမိအိမ်ကသာ ရောဂါကူးစက်မှုမှ ရှောင်ရှားနိုင်သည့် အလုံခြုံဆုံးသော နေရာဖြစ်သည်။

 

လက်ရှိအခြေအနေတွင် ဓာတ်ခွဲအတည်ပြုလူနာ ၅၅၀၀ ကျော်၊ ရောဂါကြောင့် သေဆုံးသူ ၉၀ ကျော်ရှိနေရာ ယခုနှုန်းအတိုင်း ကူးစက်ပျံ့နှံ့မှု ဆက်လက်ဖြစ်ပေါ်နေမည်ဆိုပါက မကြာမီရက်ပိုင်း အတွင်းမှာပင် ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက်နှင့် ရောဂါကြောင့် သေဆုံးသူအရေအတွက်တို့က ထောင်ဂဏန်း၊ ရာဂဏန်းအထိ ရောက်သွားသည်ကို မတွေ့မမြင်ချင်ပါပဲလျက် ဝမ်းနည်းဖွယ်ရာ တွေ့မြင်ကြရမည်ဖြစ်သည်။ မိမိကိုယ်တိုင် အန္တရာယ်ကင်းရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြတ်တောက်နိုင်ရေးတို့အတွက် မဖြစ်မနေ အိမ်မှာနေကြသည့်အခါ မိသားစုဝင်အချင်းချင်း၊ တစ်အိမ်တည်း အတူနေသူအချင်းချင်းလည်း တတ်နိုင်သမျှ ခပ်ခွာခွာနေကြရန်၊ အာဟာရပြည့်ဝစွာ စားသုံးရန်နှင့်အိပ်ရေးဝဝအိပ်ရန်၊ သင့်တော်သည့် မပြင်းထန်သည့် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းတို့ ပြုလုပ်ရန်၊ စိတ်ဓာတ်ကြံ့ခိုင်ကျန်းမာရေးကို ဂရုပြုလျက် မိတ်ဆွေအချင်းချင်း၊ မိသားစုဝင်အချင်းချင်း လူမှုကွန်ရက်၊ မိုဘိုင်းဖုန်းတို့မှ ဆက်သွယ်ဆက်ဆံခြင်း၊ မိမိတို့ယုံကြည်ကိုးကွယ်ရာဘာသာအလိုက် ဝတ်ပြုခြင်းတို့ဖြင့် စိတ်၏ ငြိမ်သက်အေးချမ်းမှုကို ရယူရန် ကျန်းမာရေးပညာရှင်များက အကြံပြုထားသည်။

 

ကိုဗစ်-၁၉ သည် လူတို့၏ နေထိုင်ပြုမူသည့် ပုံစံများအပေါ် မူတည်၍ ကူးစက်ပျံ့နှံ့နေခြင်းဖြစ်သည်။ နေရိုးနေစဉ်အတိုင်း နေ၍မရ။ အကာအကွယ်၊ အကန့်အသတ်များနှင့် နေထိုင်ပြုမူဖို့လိုသည်။ ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝကို နားလည်သိရှိပြီး သတိတရားဖြင့် ရှောင်ရှားနိုင်ဖို့လည်းလိုသည်။ မိမိနေအိမ်တွင် နေထိုင်ရန် အစီအစဉ်သည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု အရှိန်မြင့်တက်နေခြင်းကို လျှော့ချထိန်းချုပ်ရန်နှင့် အချိန်ကာလတစ်ခု ရောက်သည့်အခါ ရောဂါကူးစက်မှု ရပ်တန့်သွားစေရန် ဆောင်ရွက်ခြင်းဖြစ်ရာ ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်သည်နှင့်အမျှ ကပ်ရောဂါကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။      ။

 

မြန်မာ့အလင်း