Monkeypox ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ တစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ

 

 

ဂျီနီဗာ ဇူလိုင် ၂၅

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ချ်အို) သည် monkeypox ရောဂါဖြစ်ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေတစ်ရပ်အဖြစ် ကြေညာလိုက်သည်။ ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဒဗလျူအိတ်ချ်အို ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဟာနွန် ဂျီဘရီ ယက်ဆုစ် က ထိုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

 

အဆိုပါ ကြေညာချက်သည် ဇူလိုင် ၂၁ ရက်က ကျင်းပသော အရေးပေါ်ကော်မတီ အစည်းအဝေးတစ်ခုမှ ဆွေးနွေးချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အစည်းအဝေးသို့ ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်သူများနှင့် ကျန်းမာရေး တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

 

၎င်းသည် ရောဂါ၏ အခြေအနေကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးရန်နှင့် ရောဂါကူးစက်မှုပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရေးအတွက် အခြားအစီအမံများကို လုပ်ဆောင်ကြရန် monkeypox ရောဂါ ဖြစ်ပွားခြင်း မရှိသေးသည့် နိုင်ငံများအပါအဝင် အတည်ပြုကူးစက်ခံထားရသော နိုင်ငံများကို တောင်းဆိုထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အစီရင်ခံတင်ပြထားသော အချက်အလက်အရ ယခုနှစ်တွင် အာဖရိက၌ အဆိုပါရောဂါကြောင့် သေဆုံးသူ ငါးဦးရှိကြောင်း၊ လက်ရှိအချိန်အထိ အာဖရိကပြင်ပနိုင်ငံများတွင် သေဆုံးသူ မရှိသေးကြောင်း၊ နိုင်ငံနှင့် နယ်မြေပေါင်း ၇၅ ခုမှ monkeypox ရောဂါကူးစက်မှုသည် ၁၆၀၀၀ ကျော် တွေ့ရှိရသည့်အတွက် ရောဂါဖြစ်ပွားမှုဆက်လက် မြင့်တက်လာကြောင်း သိရသည်။

 

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ အဆိုအရ လူအများစုသည် monkey-pox ရောဂါ ကူးစက်ခံရပြီးနောက် ရက်သတ္တနှစ်ပတ်မှ လေးပတ်အတွင်း ပြန်လည်ကောင်းမွန်လာကြကြောင်း သိရသည်။ ဥရောပသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်မှု၏ ဗဟိုချက်အဖြစ် ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းအတည်ပြုထားသော ကူးစက်ခံရသူ၏ ၈၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ