Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အပိုဆောင်းထိုးနှံရာတွင် သုံးစွဲရေး ဂျပန်အတည်ပြု

တိုကျို ဒီဇင်ဘာ ၁၇

 

ဂျပန်နိုင်ငံ၌ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်း ထိုးနှံရာတွင် သုံးစွဲရန် ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ကြောင်း သိရသည်။ ။

 

Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးပြီးနောက် ဂျပန်နိုင်ငံတွင် အပိုဆောင်းထိုးနှံရန် ခွင့်ပြုခဲ့သော ဒုတိယမြောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည်။ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဂျပန်နိုင်ငံရှိ အသက် ၁၈ နှစ်နှင့်အထက် ရှိသူများအား ကာကွယ်ဆေးအပိုဆောင်း ထိုးနှံရာ၌ အသုံးပြုသွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးနောက် ခြောက်လအကြာတွင် ထိုးနှံပေးမည် ဖြစ်ကြောင်း သိရသည်။ ယင်းကာကွယ်ဆေးအား အပိုဆောင်း ထိုးနှံရာ၌ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပေးသော ဆေးပမာဏ၏ ထက်ဝက်ကိုသာ ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ပြောကြားသည်။

 

Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းအား လုပ်ငန်းခွင်များ၊ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးစင်တာများ၌ မတ်လမှစတင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးစီးသူများသည်လည်း Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့် အပိုဆောင်းထိုးနှံမှု ခံယူနိုင်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ၌ ယခုလအစောပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများအား Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား နိုင်ငံအတွင်းရှိ ဒေသဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ အပိုဆောင်းထိုးနှံမှု ခံယူနိုင်ရေးအတွက် ဖြန့်ဖြူးပေးရန် ကျန်းမာရေးဝန်ကြီးဌာနက ဒေသန္တရတာဝန်ရှိသူများအား ညွှန်ကြားထားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ