မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် ပေါ့ဘာ ဂျူဗင်တပ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ ကစားမည်

ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ပရီမီယာလိဂ်ကလပ် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက်အီတလီစီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းဆီသို့ ပြောင်းရွှေ့မှုကိစ္စ မပြီးမြောက်ခင်ဖြစ်တဲ့ ယခု သီတင်းပတ်ကုန်ပိုင်းမှာ ဂျူဗင်တပ်အသင်းနဲ့အတူ ကျန်းမာရေးဆေးစစ်မှု တွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်း ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်အတွင်းက အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းကနေ မန်ယူအသင်းဆီ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လက်ရှိအချိန်မှာ စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီး မန်ယူအသင်းနဲ့ ပေါ့ဘာတို့အကြား စာချုပ်သစ်ချုပ်ဆိုရေး မအောင်မြင်ခဲ့တာ ကြောင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ပေါ့ဘာအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ လာမယ့်သီတင်းပတ် အတွင်းမှာ ဂျူဗင်တပ်အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းဖို့ စီစဉ်ထားပြီး ဂျူဗင်တပ်အသင်းဟာ ဇူလိုင် ၂၇ ရက်မှာ ဘာစီလိုနာအသင်း၊ ဇူလိုင် ၃၀ ရက်မှာ ရီးယဲလ်မက်ဒရစ်အသင်းတို့နဲ့ အမေရိကန်နိုင်ငံမှာ ရာသီအကြိုပွဲစဉ်တွေအဖြစ် ယှဉ်ပြိုင်ကစားဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီကနေ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီအတွင်း အီတလီစီးရီးအေဖလားတွေကို ရယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံး ရာသီ နှစ်ရာသီကတော့ စီးရီးအေဖလားချန်ပီယံဖြစ်ခွင့်နဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၁၇၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၄ ဂိုး သွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး မန်ယူအသင်းနဲ့အတူ ပွဲစဉ်စုစုပေါင်း ၂၃၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာတော့ သွင်းဂိုး ၃၉ ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ငွေကြယ်