မန်ယူအသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုပြုလုပ်လျက်ရှိစဉ် စပါးအသင်းသို့ပြန်ရန် ဆန္ဒရှိကြောင်း ပိုချက်တီနို ဖွင့်ဟလာ

မတ်  ၆

မန်ယူအသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်လျက်ရှိတဲ့ နည်းပြပိုချက်တီနိုဟာ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး အသင်းဟောင်း စပါးအသင်းဆီသို့ ပြန်လည်သွားရောက် ကိုင်တွယ်ဖို့ ဆန္ဒရှိနေတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

အာဂျင်တီးနားနိုင်ငံသား ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်း နည်းပြအဖြစ်ကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ မကြာသေးမီက ပြောကြားခဲ့တာဖြစ်ပြီး ပရီမီယာလိဂ်ကို ပြန်သွားဖို့ ဆန္ဒရှိနေပေမယ့် မန်ယူအသင်းနည်းပြ ဖြစ်လာဖို့အရေးနဲ့ ပတ်သက်ပြီးတော့ ထုတ်ဖော်ပြောကြားခဲ့တာ မရှိဘူးလို့ သိရပါတယ်။

မန်ယူအသင်းကတော့ နွေရာသီကာလအတွင်းမှာ အမြဲတမ်းနည်းပြတစ်ဦးခန့်အပ်ဖို့ တာစူနေတာကြောင့် ဝါရင့်နည်းပြတစ်ဦးဖြစ်တဲ့ ပိုချက်တီနိုကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါ့ပြင် စပိန်လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်အသင်းကလည်း ပိုချက်တီနိုကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ပိုချက်တီနိုဟာ စပါးအသင်းကို ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် လအနည်းငယ်အကြာဖြစ်တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက စပါး အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

အစားထိုးခန့်ခဲ့ ပိုချက်တီနိုဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ပီအက်စ်ဂျီ အသင်းနည်းပြ ဖြစ်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ နည်းပြ တူချယ်ရဲ့နေရာမှာ အစားထိုးခန့်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် မေလအတွင်းမှာတော့ စပါးအသင်းဥက္ကဋ္ဌ ဒီနီယယ်လီဗိုင်းက နည်းပြပိုချက်တီနိုကို စပါးအသင်းသို့ ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ talkSPORT သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ နည်းပြပိုချက်တီနိုဟာ လက်ရှိကလပ် ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာပြီးရင် ပရီမီယာလိဂ်ကို သွားရောက်ကိုင်တွယ်မှာ ဖြစ်ပေမယ့် မန်ယူအသင်း နည်းပြအနေနဲ့မဟုတ်ဘဲ အသင်းဟောင်း စပါးအသင်းနည်းပြအဖြစ်ကိုသာ ဆန္ဒရှိနေတယ်လို့ ဆိုထားပါတယ်။

ငွေကြယ်