မန္တလေးတက္ကသိုလ်ပထမနှစ်ဝင်ခွင့် ယခုနှစ်ကစပြီး တက္ကသိုလ်ကပဲရွေးချယ်လက်ခံတော့မည်

မန္တလေး ၅ ဇွန်
 

မန္တလေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်ကို ယခုပညာသင်နှစ်ကစပြီး ကိုယ်ပိုင်ရွေးချယ်လက်ခံတော့မည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင် မှပြောသည်။ 
 

မန္တလေးတက္ကသိုလ် ပထမနှစ် ဝင်ခွင့်အတွက် အရင်က အဆင့်မြင့်ပညာဦးစီးဌာနမှာ လျှောက်ထားပြီး အဆိုပါဌာနက ဝင်ခွင့်ချထားပေးခဲ့ခြင်းဖြစ်သည်။  ၂၀၁၈-၁၉ ပညာသင်နှစ်က စတင်ကာ မန္တလေးတက္ကသိုလ်ဝင်ခွင့်ကို ကိုယ်ပိုင်ရွေးချယ် လက်ခံတော့မည်ဖြစ်သည်။ 

 
"ပထမဆုံးအနေနဲ့ ကိုယ့်ကျောင်းသားကို မိမိဖာသာ ရွေးချယ်တာ။ အရင်က အဆင့်မြင့်ကရွေးပြီး ဘယ်ကျောင်း၊ ဘယ်ကျောင်းဆိုပြီး ခွဲပေးတာ။ အခု အဆင့်မြင့်ပညာဦးစီးဌာန ဆောက်ရွက်တဲ့အရာထဲက ကျောင်း ၁၁ ကျောင်းနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲပိုင်ခွင့် အနည်းငယ်ကို ခွဲပေးလိုက်တာပါ"ဟု မန္တလေးတက္ကသိုလ်၊ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းအောင်မှပြောသည်။
 

မန္တလေးတက္ကသိုလ် ပထမနှစ် ဝင်ခွင့်အတွက် ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် အနိမ့်ဆုံးအမှတ် ၃၅၀ ရရှိ ရမည်ဖြစ်ပြီး အထူးပြုဘာသာရပ်အလိုက် သတ်မှတ်ထားသည့်အမှတ်မီရမည်ဖြစ်သည်။ 
 

ဝင်ခွင့်လျှောက်လွှာများကို ယခုလ ပထမပတ်တွင် လက်ခံနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။ လျှောက်လွှာများကို မန္တလေးတက္ကသိုလ်  website တွင်လည်း အလွယ်တကူ ရယူနိုင်ရန် တင်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
 

လျှောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဝင်ခွင့်မရပါက အခြားတက္ကသိုလ်များတွင်လျှောက်ထားနိုင်ရန် ဝင်ခွင့်စာရင်းများအား အချိန်မီကြေငြာပေးမည်ဖြစ်သည်။  မန္တလေးတက္ကသိုလ်တွင် အထူးပြုဘာသာရပ် ၂၄ ခုရှိပြီး မြန်မာနိုင်ငံအတွင်းရှိ ဒေသ အသီးသီးမှ ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ 
 

အိမို့မို့ခိုင်