မန္တလေးတက္ကသိုလ်အား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် အကြီးစားမွမ်းမံပြင်ဆင်မည်

မန္တလေး ၂ ဇူလိုင်

 

မန္တလေးတက္ကသိုလ်အား အကြီးစားမွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုးက ပြောသည်။

 

မန္တလေးတက္ကသိုလ်သည် ၁၉၂၁ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံအဖြစ် စတင်ထူထောင်ခဲ့ပြီး ၁၉၂၅ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်အဖြစ်ပြောင်းလဲခဲ့ကာ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ် (ဝိဇ္ဖာသိပ္ပံ၊ ဆေးပညာ ၊ စိုက်ပျိုးရေး) နှင့် မကွေးကောလိပ်ပါဝင်သော မဟာဌာနကြီး လေးခုဖြင့် မန္တလေးတက္ကသိုလ်ကို စတင်ထူထောင်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် စတင်ထူထောင်သည်မှာ နှစ် ၁၀ဝ နီးပါး သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။

 

“ပြင်ဆင်မှုကတော့ ဘဏ္ဍာနှစ်မှာ ဘက်ဂျက်ကျလာရင်တော့ ပြင်ဆင်မှာပါ။ မန္တလေးတက္ကသိုလ်ဟာ  မြန်မာပြည်မှာ ရန်ကုန်တက္ကသိုလ်ပြီးရင် ဒုတိယမြောက်အကြီးဆုံးတက္ကသိုလ် ဖြစ်တယ်။ ဒီနေ့မန္တလေးတက္ကသိုလ်ရဲ့ အနေအထားဟာ တက္ကသိုလ်ရဲ့အဆင့်အတန်းနဲ့ မကိုက်ညီတော့တဲ့ အခြေအနေကိုတွေ့ရတယ်  ” ဟု ၎င်းက ပြောသည်။

 

မန္တလေးတက္ကသိုလ်၌ ဘာသာရပ်ပေါင်း ၂၅ ခု၊ ဘွဲ့ကြိုသင်တန်းမှ ပါရဂူအထိ သင်တန်းအမျိုးအစား၂၀၆ ခု၊ ဒီပလိုမာသင်တန်းပေါင်း ၁၂ ခု နှင့် ဘာသာရပ်အမျိုးမျိုးမှာ သုတေသနလုပ်ဆောင်နေသော ကျောင်းသားများ အပါအဝင် ထောင်ချီသော ကျောင်းသားများ ပညာဆည်းပူးရာ တက္ကသိုလ်တစ်ခုဖြစ်သည်။

 

“ မန္တလေးတက္ကသိုလ်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က တစ်ထပ်အဆောက်အဦတွေဖြစ်ပါတယ်။ အဲ့ဒီအဆောက်အဦတွေကလဲ ဟောင်းနွမ်းပျက်ဆီးပြီးတော့ အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ တက္ကသိုလ်ရဲ့အဆင့်အတန်းနဲ့ ဘယ်လိုမှကို မသင့်လျော်တော့ပါဘူး ” ဟု ၎င်းက ဆက်ပြောသည်။

 

မန္တလေးတက္ကသိုလ်အနေဖြင့် ယခုအခါတွင် နိုင်ငံတကာတက္ကသိုလ်များနှင့် သဘောတူနားလည်မှုစာချွန်များရေးထိုးလျက် သင်ကြားရေး သုတေသနလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နေပြီး နိုင်ငံတကာမှ ကျောင်းသားများလည်း လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

မန္တလေးတက္ကသိုလ်၏ အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၈ - ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ ပြုပြင်ဆောင်ရွက်ရန်အတွက် ဘဏ္ဍာငွေလျာထားကြောင်း မတ်လ ၁၆ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်တွင်  ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

 

 သူရိန်လင်း