မန္တလေး ၅ ဇူလိုင် 

 

မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်မီးခိုးယူသုံးစွဲမှုများကို စစ်ဆေး၍ ဒဏ်ရိုက်ရာ ၈ လအတွင်း ဒဏ်ကြေးပမာဏ ကျပ်သိန်း ၉၀ဝ၀ ကျော်ရရှိခဲ့ကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းက သိရသည်။ 

 

မန္တလေးတိုင်းဒေသကြီးအတွင်း၌ တရားမဝင် လျှပ်စစ်မီးခိုးယူသုံးစွဲမှုပေါင်း (၁၀၁) မှုရှိခဲ့ပြီး တရားမဝင် လျှပ်စစ်မီးခိုးယူသုံးစွဲသူများထံမှ ၂၀၁၈ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၉ ခုနှစ် မေလအထိ ဒဏ်ကြေး အဖြစ် ငွေကျပ်သိန်း ၉၃၉၃ ကျော် ရရှိခဲ့သည်။

 

"လျှစ်စစ်ကို အသိမပေးပဲ ခိုးယူသုံးစွဲတာတွေကို စစ်ဆေးပြီး အရေးယူတာပါ။ အရေးယူတဲ့ထဲမှာ စက်ရုံအလုပ်ရုံတွေပါတယ်။ အဲ့တာကြောင့် ဒဏ်ကြေးငွေတွေကများသွားတာပါ" ဟု မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လျှပ်စစ်မီးခိုးယူသုံးစွဲရာတွင် သုံးသလောက် ယူနစ်မတက်ပဲ တစ်စိတ်တစ်ပိုင်းသာ ယူနစ်တက်ရန် ကြားဖြတ် ခိုးယူသုံးစွဲကြခြင်း ဖြစ်ကြောင်း သိရသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဇူလိုင်လကနေစတင်၍ လျှပ်စစ်မီတာယူနစ်နှုန်းထားများ တိုးမြှင့်လိုက်သည့်အတွက် မသမာသည့် မီတာဖတ်မှုများနှင့် တရားမဝင် လျှပ်စစ်မီးခိုးယူသုံးစွဲမှုများ မရှိစေရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

 

သူရိန်လင်း