မန္တလေးတိုင်းဒေသကြီး၌ လက်မှတ်ရပိုးသတ်ဆေး သုံးစွဲသူများသင်တန်း ပြီးမြောက်သူ ၃၄၀၀ ခန့်ရှိ

 

နေပြည်တော် အောက်တိုဘာ ၅

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၊ ပိုးသတ်ဆေး ရောင်းချသူများ၊ ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများအပါအဝင်  ပိုးသတ်ဆေးများကို ထိတွေ့ကိုင်တွယ် အသုံးပြုနေသူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးချနိုင်ရေးနှင့် ပိုးသတ်ဆေးဆိုင်ရာ ဥပဒေများနှင့်အညီ သိုလှောင် ရောင်းချနိုင်စေရေးအတွက် (၂၇) ကြိမ်မြောက် လက်မှတ်ရ ပိုးသတ်ဆေး သုံးစွဲသူများ သင်တန်းကို အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းဆင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း တက်ရောက်အမှာ စကားပြောကြားပြီး သင်းတန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း၊ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန ပညာရှင်များက ပိုးသတ်ဆေးဆိုင်ရာ နည်းပညာရပ်များ၊ ပိုးသတ်ဆေးဥပဒေ နည်းဥပဒေဆိုင်ရာ ဗဟုသုတများနှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပို့ချဆွေးနွေးခဲ့ကြပြီး သင်တန်းသား ၁၂၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

mdn

 

မန္တလေးတိုင်းဒေသကြီးအတွင်း ပိုးသတ်ဆေး လက်လီလက်ကား ရောင်းချသည့် ဆိုင်ပေါင်း ၇၉၆ ဆိုင်ရှိကာ အဆိုပါဆိုင်များအနေဖြင့် တောင်သူလယ်သမားများ ပိုးသတ်ဆေးများ ဝယ်ယူသုံးစွဲရာတွင် အရည်အသွေး ကောင်းမွန်ပြီး အာနိသင်ပြည့်ဝသော ပိုးသတ်ဆေးများကို သုံးစွဲနိုင်စေရေး၊ စစ်မှန်ပြီး အရည်အသွေး ပြည့်ဝသော ပိုးသတ်ဆေးများကိုသာ ရောင်းချပေးရေး၊ ပိုးသတ်ဆေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ တိကျစွာ လိုက်နာဆောင်ရွက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်သော အသိပေးချက်များ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ (၂၆) ကြိမ်မြောက် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းပြီးဆုံးချိန်အထိ သင်တန်းသူ သင်တန်းသား ၃၂၀၀ ကျော် သင်တန်းဆင်း လက်မှတ်များ ထုတ်ပေးခဲ့ပြီးဖြစ်၍ ယနေ့ကျင်းပသည့် သင်တန်းဆင်းပွဲအထိ စုစုပေါင်း သင်တန်းသား ၃၄၀၀ ခန့်ကို ပိုးသတ်ဆေးဆိုင်ရာ နည်းပညာရပ်များ၊ ပိုးသတ်ဆေး ဥပဒေ နည်းဥပဒေဆိုင်ရာ ဗဟုသုတများကို ဖြန့်ဝေပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်