မန္တလေးတိုင်းဒေသကြီး၌ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း အဆိုပြုသူ (၁၆) ဦးရှိ

မန္တလေး  ၂၆ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၌ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ကိုယ်စားလှယ်လောင်း အဆိုပြုသူ (၁၆) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး ထံမှ သိရသည်။

 

အဆိုပါ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့ကို ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်သွားမည်ဖြစ်သည်။

 

‘‘အဆိုတင်သွင်းလာတဲ့သူက ၁၆  ယောက်ရှိတယ် ။ အဲ့ဒီထဲကမှ စိစစ်ပြီးတော့ ဗဟိုကိုတင်ပြမယ်။ ရွေးချယ်ပြီးရင်တော့ ထုတ်ပြန်သွားမှာပါ။ ကိုယ်စားလှယ်တစ်ယောက်တည်းကို ရွေးချယ်သွားမှာပါ’’ဟု ၎င်းကပြောသည် ။

 

အဆိုပြုလွှာတင်ထားသူများမှာ ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း (၆)ဦး၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း (၄)ဦးနှင့် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း (၆)ဦး တို့ဖြစ်သည်။

 

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များသည် ကန်ပက်လက်၊ လဲချား၊ တာမွေနဲ့ မြင်းခြံမြို့နယ်တို့ဖြစ်ကြပြီး လစ်လပ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အနေဖြင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂  မြစ်ကြီးနား ဖြစ်ကြောင်းသိရသည်။

 

ဒါ့အပြင် လစ်လပ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှာ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ တမူးမဲဆန္ဒနယ် အမှတ် ၂၊ အုတ်တွင်းမဲဆန္ဒနယ် အမှတ် ၁၊ သပိတ်ကျင်းမဲဆန္ဒနယ် အမှတ် ၁၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂၊ မင်းဘူးမဲဆန္ဒနယ် အမှတ် ၂၊ ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ် ၂ နဲ့ မန္တလေးတိုင်းတခုလုံးအတွက် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များဖြစ်ကြောင်း သိရသည်။

 

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက် တွင် ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လစ်လပ်နေရာ (၁၂) နေရာအတွက် ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

 

သူရိန်လင်း