မန္တလေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၁ ခုနှစ်တွင် မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန်ဧက (၃၅၀) စိုက်ပျိုးသွားမည်

မန္တလေး၊ ၂၈ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝါသီးနှံစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန်ဧက (၃၅၀)ကို ၂၀၂၁ ခုနှစ် မတ်လအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

တိုင်းဒေသကြီးအတွင်း ရေမြေဒေသနဲ့ ကိုက်ညီတဲ့ ဝါသီးနှံမျိုးကောင်းမျိုးသန့်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ကုန်ကျစရိတ်လျော့နည်းပြီး အရည်အသွေးမြင့်မားကာ အထွက်တိုးလာစေရန် မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန်ဧက (၃၅၀)ကို ၂၀၂၁ ခုနှစ် မတ်လအတွင်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄)မြို့နယ်ရွေးချယ်ကာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာများအပြင် ဝါမျိုးကောင်းမျိုးသန့် အထွက်နှုန်းတိုးတက်ရေး အတွက်လည်း နည်းပညာပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် အရည်အသွေး ကောင်းမွန်သော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြိုချည်မျှင်ရှည်ဝါ အထူးဇုန်ဧက(၃၅၀) စိုက်ပျိုးမည့် မြို့နယ်လေးမြို့နယ်မှာ မိတ္ထီလာမြို့နယ်တွင် ဧက (၅၀)၊ ဝမ်းတွင်းမြို့နယ်တွင် ဧက (၁၀၀)၊ ရမည်းသင်းမြို့နယ်တွင် ဧက (၁၀၀) နှင့် ပျော်ဘွယ်မြို့နယ်တွင် ဧက (၁၀၀) ဖြစ်ပြီး စိုက်ပျိုးမည့် ဝါမျိုးများမှာ ရွှေတောင်(၈)နှင့် ရွှေတောင်(၁၀) ဝါမျိုးများဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)