မန္တလေးတိုင်းဒေသကြီးအတွင်း သူနာပြုဆရာမ ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

 

CRPH နှင့် NUG အမည်ခံ NLD ထောက်ခံအကြမ်းဖက်အဖွဲ့အစည်းများသည် အလုံးစုံ ပျက်သုန်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူ့များအား အကြောက်တရားဖြင့် လွှမ်းမိုးထိန်းချုပ်ရန်အတွက် အကြောင်းပြချက် မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူ့နှင့်သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများနှင့် စက်ရုံ/အလုပ်ရုံများအား မီးရှို့ဖျက်ဆီး ခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ငန်းများကို ကျူးလွန်လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ဒီဇင်ဘာလ ၁၂ ရက် နံနက် ၇ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြား၌ သူနာပြုဆရာမ တစ်ဦးနှင့် ၎င်း၏ ခင်ပွန်းတို့အားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၃ လမ်း၊ ၅၆ (A) လမ်းနှင့် ၅၆ (B) လမ်းကြားရှိ ရှမ်းခေါက်ဆွဲဆိုင် ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးနှင့် ပြည်သူ တစ်ဦးအား လည်းကောင်း၊ ချမ်းမြသာစည်မြို့ နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၆ လမ်း၊ ၁၀၆ လမ်းနှင့် ၁၀၇ လမ်း၌ သံဃာတော်များ အာရုံဆွမ်းခံကြွနေစဉ် ကပ္ပိယကျောင်းသားအဖြစ် လိုက်ပါဆောင်ရွက်သူအား လည်းကောင်း သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

 

ထို့သို့သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သော အကြမ်းဖက်အဖွဲ့များအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာလ ၁၂ ရက်ညနေ ၆ နာရီခွဲ ခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်း နှင့် ၁၁၄ လမ်း၌ အကြမ်းဖက်သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ခဲ့သူ တစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းအတွင်းမှ အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ရန်ရည်ရွယ်၍ “ဒလန်သတင်းပေး ရှင်းလင်းမည့်အစီအမံများ၊ လူမှုကွန်ရက်ပေါ်တွင် ဒလန်ရှင်းလင်းရန်နှင့် အကြမ်းဖက်ဆောင်ရွက်ရန်” ဟု တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ပြောဆိုထားသည့် စာသားများ စစ်ဆေးတွေ့ရှိခဲ့သည်။

 

ဖမ်းဆီးရမိသူ၏ ထွက်ဆိုချက်အရ မဟာအောင်မြေမြို့နယ်၊ သံလျှပ်မှော် အနောက် ရပ်ကွက်၊ ၄၂ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားရှိ သွပ်မိုး/ထရံကာ နှစ်ထပ်နေအိမ်တွင် အထက်ပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သူများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအတွက် အောင်ပွဲခံရန် စုဝေးလျက်ရှိကြောင်း သိရှိရသဖြင့် ည ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အကြမ်းဖက်သူများသည် နေအိမ်အတွင်းမှ ပစ္စတိုသေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ပြန်လည်ခုခံ ပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ် ဦး ဝမ်းဗိုက်ကျည် ဖောက်ဝင်ဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF အမည်ခံအကြမ်းဖက်သူ ခုနစ်ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး နေအိမ်အတွင်းမှ ပစ္စတိုသေနတ် နှစ်လက်၊ ၎င်းကျည်အိမ် ငါးခု၊ ဒေသန္တရ လက်လုပ်မိုင်းမျိုးစုံ ၁၉ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၁၀ လုံး၊ ၉ မမကျည် ၆၇ တောင့်၊ အားမြှင့်ယမ်း လေးခု၊ ဒီတိုနေတာ သုံးခု၊ အဝေးထိန်းခလုတ် သုံးခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

 

mdn

 

ဖမ်းဆီးရမိသူ ထပ်မံထွက်ဆိုချက်များအရ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၇ လမ်း၊ ၅၁ လမ်းနှင့် ၅၂ လမ်းကြားရှိ ပျဉ်ထောင်သွပ်မိုး နှစ်ထပ်နေအိမ်တွင် PDF အမည်ခံ အကြမ်းဖက်ဝင်များ ရောက်ရှိနေကြောင်း ထပ်မံသိရှိရသဖြင့် ည ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာ PDF အမည်ခံအကြမ်းဖက်သူ တစ်ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့သဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိခဲ့သည့် PDF အမည်ခံအကြမ်းဖက်သူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေမှုများ ထပ်မံမဖြစ်ပွားစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တာဝန်သိ ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ကြပါရန် သက်ဆိုင်ရာက မေတ္တာရပ်ခံသတင်း ထုတ်ပြန်ထားကြောင်းသည်။

 

သတင်းစဉ်