မန္တလေးတိုင်းဒေသကြီးအတွင်း  နွေရာသီ ရေရှားပါးပြတ်လပ်မှုဖြစ်လာပါက ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေပေးသွားမည်

မန္တလေး  ၉  ဧပြီ

 

မန္တလေးတိုင်းဒေသကြီးအတွင်း နွေရာသီရေရှားပါးနိုင်သော မြို့နယ်များရှိ ကျေးရွာများတွင် ရေသယ်ယာဉ်များဖြင့် ရေဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ရေသယ်ယာဉ်များအတွက် စက်သုံး အရန်ဆီများ သိုလှောင်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

"ဖြစ်နိုင်တဲ့နေရာတွေကို ကြိုတင်လေ့လာပြီး ရေရှားပါးပြတ်လပ်မှု ဖြစ်နိုင်တယ်လို့ ခန့်မှန်းကောက်ယူထားတာ ကျေးရွာ ၅၁ ရွာရှိတယ်၊ အရေးပေါ်ဖြစ်ခဲ့ရင် ဖြစ်တာနဲ့တစ်ပြိုင်နက် သောက်ရေသုံးရေ ဖြန့်ဝေဖို့ ပြင်ဆင်ထားပါတယ်၊ မြို့နယ်တိုင်းမှာ စက်သုံးဆီအရန် သိုလှောင်ထားပြီးပြီ၊ မြို့နယ်တွေမှာကျတော့ အဖွဲ့အစည်းတွေနဲ့ ဌာနတွေ ပေါင်းလုပ်တာရှိတယ်၊ သူတို့ဆီက ရေကားတွေ ကူညီရတာတွေရှိတယ်၊ တခါတလေကျ ရေကားတွေနဲ့ သယ်ဖို့စက်သုံးဆီ အဓိကလိုတယ်၊ အဲဒီစက်သုံးဆီထောက်ပံ့ဖို့အတွက် ပြင်ဆင်ထားပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး  ဦးစိုးသန်း က ပြောသည်။

 

နွေရာသီရေရှားပါးနိုင်သော မြို့နယ် ၁၃ မြို့နယ်များမှာ စဉ်ကူး၊ ကျောက်ဆည်၊ တံတားဦး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ မလှိုင်၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ ကျောက်ပန်းတောင်းမြို့နယ်တို့ဖြစ်ပြီး အဆိုပါ မြို့နယ်များရှ ိကျေးရွာ၅၁ရွာမှ လူဦးရေ ၃၈၀၀၀ နီးပါးအတွက် တစ်ရက်လျှင် ရေလိုအပ်ချက် ဂါလန် ၂၆၀၀၀ ကျော်ရှိကြောင်း အဆိုပါဌာနမှ ကောက်ယူထားသည့် စာရင်းများအရသိရသည်။

 

" လုပ်တဲ့အခါကျရင် အာလုံးနဲ့ပူးပေါင်းပြီးလုပ်မှာပါ၊ ခန့်မှန်းထားတဲ့ ကျေးရွာ ၅၁ ရွာသာ ရေပြတ်ခဲ့ မယ်ဆိုရင် ရေဖြန့်ဝေဖို့ စက်သုံးဆီကုန်ကျစရိတ် ငွေကျပ် ၂၄ သန်းလောက် ခန့်မှန်းထားတယ်၊ စက်သုံးဆီ တစ်ဝက်လောက်က အရန်သိုလှောင်ထားပြီးသားဆိုတော့ တကယ်ကုန်ရင်တော့ အရန်သိုလှောင်ထားတဲ့ စက်သုံးဆီရယ် နောက်ထပ် ၁၂ သန်းလောက်ရယ်ကုန်မှာပါ " ဟု ဆက်လက်ပြောသည်။

 

မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် နွေရာသီသောက်သုံးရေ ပြတ်လပ်မှုကြုံတွေ့ရနိုင်သည့် ကျေးရွာ ၅၁ ရွာအား ရေသယ်ယာဉ်များဖြင့် ရေဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ် ရေရှားပါးမှုဖြစ်ပေါ်နိုင် သောကျေးရွာ ခန့်မှန်းအနေဖြင့် ပထမအများဆုံး ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယ စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယ မန္တလေးတိုင်းဒေသကြီးတို့ဖြစ်ကြောင်း၂၀၁၆ ခုနှစ်အတွင်း ရေရှားပါးမှု အများဆုံးဖြစ်ခဲ့ပြီး ရေရှား ပါးပြတ်လပ်ခဲ့သည့် ကျေးရွာ ၁၄၆ ရွာ ထိရှိခဲ့ကြောင်းသိရသည်။

 

ထိပ်ထားနိုင်