မန္တလေးတိုင်ဒေသကြီးအတွင်း ကိုဗစ်ချေးငွေရရှိသည့် လုပ်ငန်းပေါင်း ၃၈၄ ခုရှိ

မန္တလေး  ၁၄ ဇူလိုင်

 

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ချေးငွေများ ထုတ်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ချေးငွေရရှိသူ စုစုပေါင်း ၃၈၄ ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(MRCCI) မှ သိရသည်။

 

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီမှ ချေးငွေများကို ဧပြီ ၉ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ပြီး သတ္တမအကြိမ်မြောက် ချေးငွေထုတ်ချေးပေးထားပြီး ဖြစ်သည်။

 

ချေးငွေနဲ့ပတ်သက်ပြီး ကိုဗစ်ကာလအတွင်း ချေးငွေရရှိအောင် MRCCI နဲ့ ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန( DICA )၊ အခွန်ဝန်ထမ်းတွေ စက်မှုကြီးကြပ်က ဝန်ထမ်းတွေ ဟိုတယ်ခရီးသွားလာရေးဌာနက ဝန်ထမ်းတွေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ဝန်ထမ်းတွေ ပူးပေါင်းပြီး ဒီကာလအတွင်းမှာ ချေးငွေရရှိနိုင်ရေး ပူးပေါင်းပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေပြည့်စုံအောင် စိစစ်ဆောင်ရွက်ပေးပါတယ်ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှုး ဦဉက္ကာကျော် က ပြောသည်။

 

ကိုဗစ်ချေးငွေကို မန္တလေးတိုင်းအတွင်း MRCCI မှ လျှောက်ထားသူ ၄၁၇ ဦးအနက် ပထမအကြိမ်မှ သတ္တမအကြိမ်အထိ ၃၈၄ ဦး ချေးငွေရရှိခဲ့သည်။ ပထမအကြိမ် ကိုဗစ်ချေးငွေ ကျပ်ဘီလီယံ ၁၀၀ ကို လက်ခစားစနစ်ဖြင့် ဆောင်ရွက်သည့် အထည်ချုပ်လုပ်ငန်းများ(CMP)၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)ဆိုသည့် စီးပွားရေးကဏ္ဍ သုံးခုမှ လုပ်ငန်း ၃၀၀၀ ကျော်ကို ခုနှစ်သုတ်ခွဲကာ ထုတ်ချေးပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

ကိုဗစ်ချေးငွေ လျှောက်ထားရာတွင် လိုအပ်သည့် အချက်(၁၀)ချက် သတ်မှတ်ထားပြီး အဓိကအားဖြင့် ချေးငွေလျှောက်ထားမည့် စီးပွားရေးလုပ်ငန်းသည် COVID-19 ကြောင့် အမှန်တကယ် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေး လုပ်ငန်းဖြစ်ရပြီး လက်ရှိ လည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်း သို့မဟုတ် ယာယီရပ်စဲထားပါကလည်း ချေးငွေရရှိပါက ချက်ချင်း ပြန်လည်စတင် လည်ပတ်နိုင်သည့် လုပ်ငန်းဖြစ်ရမည် ဖြစ်သည်။

 

ထို့အပြင် ချေးငွေလျှောက်ထားသည့် လုပ်ငန်းသည် ၂၀၁၈ မတ်လ မတိုင်မီကတည်းက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/ လုပ်ငန်း လိုင်စင်ရထားပြီးသည့် လုပ်ငန်း ဖြစ်ရမည်ဖြစ်သလို လွန်ခဲ့သည့် ၂ နှစ်တာ ကာလအတွင်း နှစ်စဉ်ဝင်ငွေ ရရှိနေသော လုပ်ငန်းဖြစ်ရန် လိုအပ်သည်ဟု ဆိုသည်။ ဝင်ငွေခွန်/ ကုန်သွယ်ခွန်/ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် လုပ်ငန်းဖြစ်ရမည် ဖြစ်သလို ရရှိလာသည့် ချေးငွေအား ဝန်ထမ်းနှင့် လုပ်သားများ လစာပေးရန်နှင့် လက်ရှိလုပ်ငန်း လည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့် လုပ်ငန်းဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

 

မေသက်ထား