မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစေရန် အပန်းဖြေ ဆင်စခန်းသုံးခု ဖွင့်လှစ်ပြီးစီး

မန္တလေး  ၁၂  ဧပြီ 

 

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသွား လုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီးတွင် အပန်းဖြေ ဆင်စခန်းသုံးခု ဖွင့်လှစ်ပြီးစီးကြောင်း သိရသည်။

 

 

အဆိုပါ အပန်းဖြေ ဆင်စခန်းများမှာ ပြင်ဦးလွင်မြို့နယ် ဝှက်ကားရေတံခွန် အနီးရှိ ဒီးဒုတ်အပန်းဖြေ ဆင်စခန်း၊ ပြင်ဦးလွင်မြို့နယ် ဝါးနက်ကျေးရွာ အနီးရှိ ဝါးနက်ဆင်စခန်း၊ ညောင်ဦးမြို့နယ် ပလင်းအနောက် ကျေးရွာအနီးရှိ ပလင်းကမ်း သာယာဆင်စခန်းတို့အား ယခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ အပန်းဖြေ ဆင်စခန်း သုံးခုလုံးတွင် ဆင်ခြောက်ကောင်စီဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကာ ဆင်စီးခမှာ ပြည်တွင်း ခရီးသွား တစ်ဦးလျှင် ကျပ် ၃၀ဝဝ ဖြစ်ပြီး ပြည်ပခရီးသွား တစ်ဦးလျှင် ကျပ် ၂၀ဝဝဝ ဖြစ်ကြောင်း သိရသည်။

 

 

“ကျွန်တော်တို့ ဆင်စခန်းသို့ လာရောက် အပန်းဖြေသူများ အနေဖြင့် ဆင်စီးတာ၊ ဆင်တွေနဲ့ ဓာတ်ပုံရိုက်တာ၊ ဆင်လေးတွေ ဘောလုံးကန်ပြတာ၊ ဆင်တွေရေချတာ၊ ဆင်တွေခြေထောက်တစ်ဖက် ထောင်ပြတာတွေ၊ ဆင်တွေရဲ့ သဘောသဘာဝကို အနီးကပ် လေ့လာတာတွေ အစရှိတာတွေကို လာရောက် လည်ပတ်တဲ့သူတွေကို ဝန်ဆောင်မှုပေးပါတယ်” ဟု ဝါးနက်ဆင်စခန်းမှ တာဝန်ခံကိုစောအေးက ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီး သစ်လုပ်ငန်းဦးစီးဌာနမှ တိုင်းမန်နေဂျာ ဦးအောင်မြင့်ဌေးက ဆင်စခန်းများကို မြန်မာ့သစ်လုပ်ငန်းများမှ ဆင်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နေမှုအား ပြည်တွင်း၊ ပြည်ပခရီးသွား လေ့လာနိုင်စေရန်၊ ဆင်စခန်းများ အနီးရှိ ကျေးရွာများမှ ဒေသခံများ ဆင်စခန်းကို အမှီပြု၍ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန်၊ ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်အစရှိသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ပြင်ဦးလွင်မြို့နယ် ဆင်စခန်းများမှ ဆင်များသည် မန္တလေးဖောင်ဖွဲ့ရေးဒေသမှ ဆင်များကို အသုံးပြုထားကာ ပလင်းကမ်းသာယာ ဆင်စခန်းမှ ဆင်များသည် ချင်းတွင်းဖောင်ဖွဲ့ရေး ဒေသအောက်မှ ညောင်ဦးဖောင်ဖွဲ့ရေးနယ်က ဆင်များဖြင့် အသုံးပြုထားကြောင်း သိရသည်။ 

 

မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ယခုနှစ် ဧပြီ ၇ ရက်ထိ အပန်းဖြေ ဆင်စခန်းသုံးခု ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်တွင်း ခရီးသွား အများဆုံး လာရောက်ကြ၍ ပြည်ပခရီးသွားများ စိတ်ဝင်စားမှု ရှိသော်လည်း လာရောက်မှု နည်းပါးသေးကြောင်း သိရသည်။ ပြည်ပခရီးသွားများသည် ဆင်စခန်း(သို့) ဆင်စခန်း အနီးနားတွင် တည်းခိုကာ ကောင်းစွာ နားနေနိုင်မည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ စသည့်တို့ရှိရန် လိုအပ်ကြောင်း၊ ဆင်စခန်းများမှ ဆင်များအား ထိုင်းနိုင်ငံမှ ဆင်များကဲ့သို့ စိတ်ဝင်စားဖွယ် ဆွဲဆောင်မည့် ပြကွက်များနှင့် အခြားအစီအစဉ်များ လိုအပ်ကြောင်း ခရီးသွား ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။ မန္တလေးတိုင်း ဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် ဧပြီ ၇ ရက်ထိ ဆင်စခန်းစုစုပေါင်း သုံးခု ဖွင့်လှစ်ထားပြီးဖြစ်ရာ အဆိုပါ ဆင်စခန်းများသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)