မန္တလေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီ ကိုယ်စားလှယ်လောင်းများအား ရွေးချယ်ပြီးစီး

မန္တလေး ၂၈ ဇွန်

မန္တလေးတိုင်းဒေသကြီးအတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေးချယ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်နှင့် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့ကို ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်သွားမည်ဖြစ်သည်။

" တိုင်းကရော ခရိုင်ကရော ဗဟိုကရော အကုန်လုံးကနေ စိစစ်ပြီးရွေးချယ်တာပါ။ ပြီးတော့ သူတို့က နိုင်ငံရေးမှာ ဘယ်လောက်ထိ လုပ်ဆောင်ခဲ့လဲ အဲတာတွေကိုရောကြည့်တယ်။ များသောအားဖြင့်က နိုင်ငံရေးနဲ့ အကျဉ်းကျခံရတဲ့သူတွေကို ရွေးချယ်တာပါ "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင် ဦးတင် ထွဋ်ဦး က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စာလှယ်များကို မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်း ဦးစိန်မြင့်၊ သပိတ်ကျင်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်း ဦးစိုးလွင်နှင့် ရှမ်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုယ်စားလှယ်လောင်း ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်တို့ဖြစ်သည်။

"အရင်တုန်းက သူတို့ဘာတွေလုပ်ခဲ့တယ် ဆိုတာကို အသေးစိတ်နောက်ကြောင်းတွေ စုံစမ်းပြီးရွေးချယ် တယ် နောက်တစ်ခုက ၈၈ မှာပါဝင်ခဲ့တဲ့သူတွေကို ရွေးချယ်တယ် " ဟု ၎င်းက ဆက် ပြောသည်။ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးစိုင်းပန်းဆိုင်(ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်သည် ရှမ်းတိုင်းရင်းသား သာရေးနာရေးအသင်း နာယကတစ်ဦးဖြစ်သကဲ့သို့ မန္တလေး အခြေစိုက် တိုင်းရင်းသားပေါင်းစုံ (၁၅) ဖွဲ့ ဖွဲ့စည်းထားသည့် အဖွဲ့တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူ သူဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ အဆိုပြုလွှာတင်ထားသူ ၁၆ ဦးရှိပြီး ယင်းတို့မှာ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း (၆) ဦး ၊ မြင်းခြံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း (၄) ဦး နှင့် သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အတွက် ကိုယ်စားလှယ်လောင်း (၆) ဦး တို့ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များမှာ မတူပီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁၊ တမူးမဲဆန္ဒနယ် အမှတ် ၂၊ အုတ်တွင်းမဲဆန္ဒနယ် အမှတ် ၁၊ သပိတ်ကျင်းမဲဆန္ဒနယ် အမှတ် ၁၊ ရသေ့တောင်မဲဆန္ဒနယ် အမှတ် ၂၊ မင်းဘူးမဲဆန္ဒနယ် အမှတ် ၂၊ ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ် ၂ နဲ့ မန္တလေးတိုင်းတစ်ခုလုံးအတွက် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များဖြစ်ကြောင်းသိရသည်။

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် လစ်လပ်နေရာ (၁၂) နေရာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။

သူရိန်လင်း