မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယမြောက်ဆင်စခန်းအဖြစ် ဝါးနက်အပန်းဖြေဆင်စခန်းဖွင့်လှစ်

မန္တလေး   ၃၀   မတ်

 

မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယမြောက်ဆင်စခန်းအဖြစ် ဝါးနက်အပန်းဖြေဆင်စခန်းကို ပြင်ဦးလွင်မြို့ နယ်  ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားကားလမ်းဘေးရှိ (၅)မိုင် ၅ဖာလုံတွင် မတ်(၃၀)ရက် နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

“အရင်တုန်းကတော့ ဒီဌာနပိုင်ဆင်တွေအားကို သစ်ထုတ်တဲ့လုပ်ငန်းမှာ အသုံးပြုခဲ့ကြတယ်။ အခုနောက်ပိုင်းမှာ ပတ်ဝန်းကျင်နဲ့ ရာသီဥတုပြောင်းလဲမှုအရ ကျွန်တော်တို့ သစ်ထုတ်လုပ်ငန်းတွေကို လျော့လိုက်တော့ ဆင်တွေ ပိုလျှံလာတာက တစ်ကြောင်း၊ သဘာဝတောတွေထဲမှာရှိတဲ့ ဆင်တွေကလည်း တဖြည်းဖြည်းနဲ့ အကောင်ရေ လျော့နည်းလာ တယ်။ ဒါကြောင့်ဒီဆင်တွေရဲ့တိုးပွားမှုအတွက် လူတွေနဲ့နီးစပ်အောင် လုပ်ပြီးတော့မှ လူတွေက ဆင်တွေအပေါ်မှာ သနားငှဲ့ညှာပြီး ခင်မင်ချစ်ခင်လာမှ ပိုပြီးတော့ ဆင်ကိုထိန်းရတာထိရောက်မှာဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆင်စခန်းဖွင့်ရတာဖြစ်ပါတယ်။ "မန္တလေးဖောင်ဖွဲ့ရေးဒေသမှလက်ထောက်မန်နေဂျာ ဦးဟန်ဝင်းအောင်က ပြောကြားသည်။

 

ယခုဖွင့်လှစ်သည့်ဆင်စခန်းတွင်အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ဆင်စာအရောင်းဆိုင်များ၊အပန်ဖြေနားနေဆောင်များနှင့်စားသောဆိုင်များနှင့်ဆင်နှင့်ပတ်သက်သည့်လေ့လာစရာပြခန်းများကိုဖွင့်လှစ်ထားသည်။

 

“ကျွန်တော်တို့နီးစပ်တဲ့နိုင်ငံတွေမှာထိုင်နိုင်ငံကိုကြည့်မယ်ဆိုရင်လည်းဆင်တွေကိုလိမ္မာယဉ်ကျေးအောင်သင်တယ်။လူတွေနဲ့နီးစပ်အောင်ပြတယ်။နောက်ဆုံးဆက်ကပ်ပဲဖြစ်ဖြစ်တခြားပြကွက်အမျိုးမျိုးကိုသင်ကြားပြီးတော့လူတွေကိုပြတဲ့အခါမှာတကယ့်သစ်ထုတ်တာထက်တောင်မှဝင်ငွေကပိုပြီးရပါတယ်" ၎င်းက ဆက်လက်ပြောကြား သည်။

 

 

အဆိုပါဆင်စခန်းအားမြေဧက ၁၃၀ ကျော်ပေါ်၌ ယခုနှစ်ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ဆင်အကောင်ရေ (၆) ကောင်ထည့်သွင်းထားကာနေ့စဉ်နံနက်(၇)နာရီမှ ညနေ(၆)နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ် ကာ ဝင်ကြေးအဖြစ်တစ်ဦးလျှင်ငွေကျပ် (၅၀ဝ)နှုန်းနှင့် ဆင်စီးခ ငွေကျပ်(၃၀ဝ၀)နှုန်းနှင့် နိုင်ငံတကာခရီးသွား များအတွက်တစ်ဦးလျှင်နှစ်သောင်းကျပ်နှုန်းသတ်မှတ်ထားပြီးဆင်းစီးချိန်၊ဆင်ရေချိုးချိန်များကို နံနက်(၇)နာရီမှ (၁၁)နာရီအထိလည်းကောင်း၊ညနေ(၄)နာရီမှ(၆)နာရီအထိသတ်မှတ်ထားကာပြီးခဲ့သည့်ဇန်နဝါရီ(၂၀)ရက်နေ့ကလည်းပြင်ဦးလွင်မြို့နယ်အတွင်း၌  ဒီးဒုတ်ဆင်စခန်းဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

 

မင်းထက်အောင် (မန်းကိုယ်ပွား)