မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဘယ်လင်းအကျဉ်းဦးစီးဌာနသို့ ကြည့်ရှုစစ်ဆေး

စဉ့်ကိုင်၊  ၂၃  ဇန်နဝါရီ

 

 

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်၊ ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများသည် ဇန်နဝါရီ ၂၂ ရက်က စဉ့်ကိုင်မြို့နယ် ဘယ်လင်း အကျဉ်းဦးစီးဌာနရှိ ကုန်ထုတ်စခန်း (၁) နှင့် (၂) သို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းတရားသူကြီး ဦးမြင့်ဆန်း၊ ဒုတိယခရိုင်တရားသူကြီး ဒေါ်အေးအိခိုင်၊ ကျောက်ဆည်မြို့နယ် တရားသူကြီး ဒေါ်သဲမို့မို့ဆွေ၊ စဉ့်ကိုင်မြို့နယ် တရားသူကြီး ဒေါ်သူဇာလှိုင်တို့က ကုန်ထုတ်စခန်းများတွင် အပြစ်ကျ အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ နေထိုင်ရေးနှင့် စားသောက်ရေးတွင် ကျန်းမာရေးနှင့် ညီညွတ်မှုရှိ မရှိတို့ကို စစ်ဆေးခဲ့ပြီး အကျဉ်းသားများ၏ ဉပဒေအခွင့်အရေးများ ရရှိရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြင်ဆင် ဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

 

ဆက်လက်၍ တိုင်းတရားသူကြီးနှင့် အဖွဲ့သည် မြို့နယ်တရားရုံးတွင်  မြို့နယ်တရားသူကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံပြီး မှုခင်းလက်ကျန်များ ကျဆင်းရေး၊ အချုပ်တရားခံများ ဦးစားပေးစစ်ဆေးရေး တရားစီရင်ရေးမူအရ တစ်နှစ်နှင့်အထက်ရှိသော ရာဇဝတ်မှုများနှင့် တရားမမှုများကို ဦးစားပေး စစ်ဆေးဆောင်ရွက်ရေး၊ ပြစ်မှုပြစ်ဒဏ် မျှတရေး၊ လာဘ်ပေးလာဘ်ယူ ကင်းရှင်းစွာ စီရင်ဆုံးဖြတ်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

 

ဝင်းဝင်းသန်း (စဉ့်ကိုင်ပြန် /ဆက် )