မန္တလေးတိုင်းဒေသကြီး၊ မြို့နယ်အချို့၌ မြစ်ရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့နေထိုင်လျက်ရှိ

နေပြည်တော်  ၂၈   ဇူလိုင်

           

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း ဇူလိုင် ၂၇ ရက်က ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် (၂)ရပ်ကွက်၌ မြေနိမ့်ပိုင်းနေရာများသို့ ရေအနက် ၄ ပေခန့် ဝင်ရောက်လာ သဖြင့် အိမ်ထောင်စု ၆ စုမှ  လူဦးရေ ၂၈ ဦးတို့သည် အဆိုပါရပ်ကွက်အတွင်းရှိ ဓမ္မာရုံသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း၊

           

အလားတူ သပိတ်ကျင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကဘဲ့ ရပ်ကွက်နှင့် ပုဏ္ဏားကျေးရွာပါ ၃ ရွာတို့ရှိ မြေနိမ့်ပိုင်းနေရာများသို့ ရေအနက် ၂ ပေခန့် ဝင်ရောက် လာသဖြင့် အိမ်ထောင်စု ၂၀ မှ လူဦးရေ ၉၀  တို့သည် ၎င်းတို့ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း၊

           

ထို့ပြင် အမရပူရမြို့နယ်တွင် တောင်သမန်အင်းရေမြင့်တက်မှုကြောင့် တောင်သမန် ကျေးရွာ မြေနိမ့်ပိုင်းနေရာများမှ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၅ ဦးတို့သည် တောင်သမန် ကျေးရွာ ဓမ္မာရုံသို့ လည်းကောင်း၊ ဆင်ရွာမြင်းမှူးကျေးရွာမှ အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ၅၇ ဦး တို့သည် ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် စစ်ကိုင်း-မြစ်ငယ်ကာလမ်းဘေး ရေလွတ်ရာနေရာ များသို့ လည်းကောင်း အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊

           

အလားတူ တံတားဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေမြင့်တက်မှု ကြောင့် ခေါင်းခွဲကျေးရွာအုပ်စုပါ ကျေးရွာအုပ်စု ၁၄ စုတို့မှ  အိမ်ထောင်စု ၄၈၃ စု၊ လူဦးရေ ၂၂၁၉ ဦးတို့သည် ဘုန်းကြီးကျောင်းများနှင့် ရေလွတ်ရာကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)