မန္တလေးတိုင်းအတွင်း ဆောင်ရွက်ရန်ရှိသော စီမံကိန်းများအား လွှတ်တော်သို့ တင်ပြခွင့်ပြုချက် ရယူရန် မရှိသေးဟုဆို

မန္တလေး ၂၃ မတ်

 

 

မန္တလေးတိုင်း ဒေသကြီးအတွင်း ဆောင်ရွက်ရန်ရှိသော စီမံကိန်းများမှာ မည်သည့် ညှိနှိုင်း  သဘောတူညီချက်များမှ မပြုလုပ်ရသေးသဖြင့် လွှတ်တော်သို့ တင်ပြခွင့်ပြုချက် ရယူရန် မရှိသေးဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူမှ ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီး လွွှတ်တော် နဝမ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

 

အောင်မြေသာစံမြို့နယ်  အမှတ် ၁ မဲဆန္ဒနယ်မှ ဒေါက်တာ ညီမင်းဟန်က အစိုးရအဖွဲ့ အနေဖြင့် မန္တလေးတိုင်းအတွင်း ဆောင်ရွက်လျက်ရှိတဲ့ စီမံကိန်းကြီးများအား တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူရန် အစီစဉ် ရှိ မရှိ မေးမြန်းမှုကိ်ု အခုလို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

 

‘တိုင်းဒေသကြီး အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်းများသည် ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ယခင်အစိုးရ လက်ထက်မှာ ခွင့်ပြုခဲ့သော စီမံကိန်းများကိုသာ ဆက်လက် အကောင်ထည်ဖော် ဆောင်ရွက်နေခြင်းသာဖြစ်သည်။ 

 

 

ဒုတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် အစိုးရ လက်ထက်မှာ စီမံကိန်းများ အကောင်ထည်ဖော်ရန် အတွက် စိတ်ပါဝင်စားသူများက လာရောက် လေ့လာမှုများ ပြုလုပ်နေခြင်းသာရှိပြီး မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် မည်သည့်ညှိနှိုင်း သဘောတူညီချက်များမှ မပြုလုပ်ရသေးသဖြင့် တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြခွင့်ပြုချက်ရယူရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်း တင်ပြအပ်ပါသည်’ ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူမှ ပြောသည်။

 

 

မေးခွန်းကို ဖြေကြားမှုအပေါ်တွင် ဆက်စပ်မေးခွန်း အနေဖြင့် ဒေါက်တာ ညီမင်းဟန်မှ ‘အစီအစဉ် မရှိသေးဘူးဆိုတာ စီမံကိန်းတွေကို မဖော်ဆောင်ရသေးလို့ ခွင့်ပြုချက် မယူသေးတာလို့ ကျွန်တော့် အနေနဲ့ သဘောပေါက်လိုက်ပါတယ်။ နောက်စီမံကိန်းတွေ ရှိလာရင် တိုင်းဒေသကြီး လွှတ်တော်ကို အတည်ပြုချက် ရယူတယ်ဆိုတဲ့ သဘောထား ဟုတ်ပါသလား’ ဟု ဆက်လက် မေးမြန်းခဲ့သည်။ 

 

 

ယခုမေးခွန်းသည် ဆက်စပ်မေးခွန်း မဟုတ်တဲ့အတွက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်မှ ကန့်ကွက်ခဲ့သည်။ မဖြစ်သေးသည့် ကိစ္စကို ဆက်လက်မေးမြန်း နေသည့်အတွက် ဖြေကြားစရာ မလိုကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောသည်။ 

 

 

အိမို့မို့ခိုင်