မန္တလေးတိုင်း ဒေသကြီး ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေနှင့် နည်းဥပဒေများ အသစ်ရေးဆွဲရန် တိုက်တွန်းကြောင်း အဆိုတင်

မန္တလေး ၄  ဧပြီ

 

မန္တလေးတိုင်း ဒေသကြီး ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေနှင့် နည်းဥပဒေများကို ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အသစ်ရေးဆွဲရန် တိုက်တွန်းကြောင်း အဆိုကို ယနေ့ကျင်းပသည့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် တင်သွင်းခဲ့သည်။

 

၄င်းအဆိုကို ချမ်းမြသာစည်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်မှ တင်သွင်းခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးရန် သဘောတူခဲ့သည်။

 

"၂၀၁၂ က ပြဋ္ဌာန်းခဲ့တဲ့ မန္တလေးတိုင်း ပုဂ္ဂလိကပိုင် မော်တော်ယာဉ် လုပ်ငန်းယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေနဲ့ နည်းဥပဒေဟာ ပြည်ထောင်စုလွှတ်တော် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်းဥပဒေနဲ့ ဆန့်ကျင်နေပါတယ်" ဟု လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က ပြောသည်။

 

မန္တလေးတိုင်း ဒေသကြီး ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေနှင့် နည်းဥပဒေတွင် ယာဉ်လုပ်ငန်း လုပ်ကိုင်လိုသော ပုဂ္ဂိုလ်သည် ဥပဒေအရ ဖွဲ့စည်းထားသော ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီတွင် ယာဉ်မှတ်ပုံတင်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ ၄င်းကော်မတီ၏ စီမံခန့်ခွဲမှုအောက်တွင် မရှိဘဲ ယာဉ်ပြေးဆွဲပါက ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ သုံးသိန်း ချမှတ်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

 

ပြည်ထောင်စု လွှတ်တော် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးလုပ်ငန်း ဥပဒေတွင် ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်ပါက လုပ်ငန်းလိုင်စင် လျှောက်ရမည်ဖြစ်ပြီး လိုင်စင်မလျှောက်ပါက ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ အနည်းဆုံး ၅သိန်း မှ သိန်း ၅၀ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

 

"ဒီဥပဒေ နှစ်ခုကိုကြည့်ရင် မန္တလေးတိုင်း ယာဉ်လုပ်ငန်းများ ကြီးကြပ်မှု ကော်မတီမှာ မှတ်ပုံမတင်ရင် ဒဏ်ရိုက်မယ်။ လုပ်ငန်းပိတ်သိမ်းမယ်၊ အဲလိုဆို ပြည်ထောင်စု ဥပဒေနဲ့ ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေပါတယ်" ဟု ဦးတင်အောင်က ပြောသည်။

 

၄င်းအဆိုကို ယခုလ ၆ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်