မန္တလေးတောင်ပေါ်သို့ တောင်တက်ကားလမ်းမှ တက်ရောက်ခွင့်ပိတ်ထားပြီး ကျန်းမာရေး ထောက်ခံချက်ပါရှိပါက စောင်းတန်းများမှ တက်ရောက်ခွင့်ပြုသွားမည်

မန္တလေး ၁၁ ဇွန် 


    
မန္တလေးတောင်ပေါ်သို့ တက်ရောက်သော တောင်တက်ကားလမ်းတွင် အားကစားလုပ်သူများ၊ တောင်တက်သူ၊ လမ်းလျှောက်သူ၊ စက်ဘီးစီးသူများဖြင့် တောင်ပေါ်သို့ လာရာက်လည်ပတ်သူများ များပြားခြင်းကြောင့် မန္တလေးတောင်တော် တောင်တက်ကားလမ်းအား ယာယီပိတ်ထားကြောင်း၊ ဆုတောင်းပြည့်ရင်ပြင်တော်အား ပိတ်ထားပြီး အခြားနေရာများသို့ (၇၂)နာရီအတွင်း ကျန်းမာရေး ထောက်ခံချက်ပါရှိပါက စောင်းတန်းများမှ တက်ရောက်ရန် ခွင့်ပြုသွားမည်ဖြစ်ကြောင်း မန္တလေးတောင်တော် ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားသည်။

 

မန္တလေးတောင်တော် တောင်တက်ကားလမ်းကို ပြီးခဲ့တဲ့လက နိုင်လွန်ကတ္တရာလမ်း အဆင့်မြှင့်တင်ပြီးစီးခဲ့ပြီး ဇွန်လဆန်းတွင် တောင်ပေါ်သို့ တက်ရောက်သော တောင်တက်ကားလမ်းတွင် အားကစားလုပ်သူများ၊ တောင်တက်သူ၊ လမ်းလျှောက်သူ၊ စက်ဘီးစီးသူများဖြင့် တောင်ပေါ်သို့ လာရောက်သူများ များပြားလာတဲ့အတွက် လူစုလူဝေး ဖြစ်ပေါ်ခဲ့ခြင်းကြောင့် တောင်တက်ကားလမ်းမှ တက်ရောက်ခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

 

“တောင်ထိပ်မှာရှိတဲ့ ဆုတောင်းပြည့် ရင်ပြင်တော်ကတော့ ပိတ်ထားပါတယ်။ စက်လှေကား၊ ဓာတ်လှေကားတွေလည်း ပိတ်ထားပါတယ်။ တောင်ပေါ်က တခြားနေရာတွေ လေ့လာလို့ရအောင် စောင်းတန်းတွေကတော့ တက်ရောက်ခွင့်ပေးထားပါ။ ဒါပေမယ့် (၇၂)နာရီအတွင်း ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ပါရမယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်တွေနဲ့အညီ အပူချိန်တိုင်းတာတို့၊ နှာခေါင်းစည်းတပ်တာတို့ အစရှိတဲ့ အချက်တွေနဲ့ ပြည့်စုံရင် စောင်းတန်းတွေကတော့ တက်လို့ရပါတယ်။ တောင်ပေါ်မှာရှိတဲ့ တခြားနေရာတွေကိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ပြည့်စုံရင် လာရောက်ခွင့်ပေးထားပါတယ်” ဟု မန္တလေးတောင်တော် ဂေါပကဉက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မန္တလေးမြို့ရှိ နာမည်ကြီးဘုရားများကို ဘုရားဖူးများဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် မတ်လကုန်ပိုင်းက စတင်ပိတ်ထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြန်လည်ခွင့်ပြုချိန်မှသာ တက်ရောက်ရမည်ဖြစ်သည်။

 

တောင်တက်ကားလမ်းမှ တက်ရောက်ခွင့်နှင့် ဆုတောင်းပြည့် ရင်ပြင်တော်သို့ တက်ရောက်ခွင့်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြန်လည်ခွင့်ပြုချိန်မှသာ ပြန်လည်တက်ရောက်ခွင့် ပြုသွားသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဇွန် ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင်လည်း ဘုရားများ၊ ချက်ကျောင်းများ၊ ဗလီ/နေအိမ်များတွင် စုဝေးဝတ်ပြုခြင်းများ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲများနှင့် လူထုအပန်းဖြေနေရာများကို ဆက်လက်ပိတ်ထားရမည်ဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)