မန္တလေးတောင်မှသည် တက်သေးအင်းဆီသို့

ကိုရွှေမန်း(မန္တလေး)

 

သီတင်းကျွတ်လပြည့်နေ့သည် မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရားပွဲနေ့ဖြစ်သဖြင့် ဘုရားဖူး ပရိသတ်များသည် ပုံမှန်ရက်များထက် အထူးစည်ကားနေသည်ကို တွေ့ရသည်။ ပုံမှန်အားဖြင့် သီတင်းကျွတ် လဆန်း ၁၃ ရက်နေ့မှ လပြည့်နေ့သည် ကျောက်တော်ကြီးဘုရားပွဲနေ့များ ဖြစ်သည်။ မန္တလေးနန်းတော်တည်ပြီး ငါးနှစ်ခန့်အကြာတွင် မတ္တရာစကျင်ဒေသမှ တစ်လုံးတည်းသော ကျောက်တော်ရသဖြင့် ပုံကြမ်းထုဆစ် သယ်ယူလာပြီး မြို့တော်သို့ရောက်သောအခါ မင်းတုန်းမင်းကိုယ်တော်တိုင် မျက်နှာတော်ဖွင့်သည်။ မဟာသကျမာရဇိန် ဘွဲ့တော်ရှိသည်။ ဉာဏ်တော် ၁၂ တောင်ရှိပြီး “မန်းမြတ်ကျော်ဦး ကျောက်မြတ်ထူး” ဆိုသော စာချိုးအရ ၅၅၂၁၂၅ ပိဿာ၊ တန်ချိန် ၉၀ဝ ခန့်ရှိသည်။ စန္ဒာမုနိဘုရားပွဲ၊ ကုသိုလ်တော်ဘုရားပွဲများကိုပါ တစ်ပေါင်းတည်းဆက်၍ ကျင်းပသဖြင့် ပွဲတော်ရက်မှာ ၁၅ ရက်နှင့်အထက် ကြာတတ်သေးသည်။

 

ဆွမ်း၊ ဆွမ်းဟင်း၊ သပိတ်နှင့် နဝကမ္မအလှူငွေများ လှူဒါန်းခြင်းကို လပြည့်ကျော် ၁ ရက်နေ့တွင် စန္ဒာမုနိ ဘုရား၌ သံဃာတော်အပါး ၁၂၅ပါး၊ လပြည့်ကျော် ၂ ရက်နေ့တွင် ကုသိုလ်တော်ဘုရား၌ သံဃာ အပါး ၁၀ဝ၀ ၊ လပြည့်ကျော် ၃ ရက်နေ့တွင် ကျောက်တော်ကြီးဘုရား၌ သံဃာအပါး ၂၅၆၆ ပါးတို့အား ရှေးအစဉ်အလာမပျက် လှူဒါန်းကြသည်။ တောင်ခြေတွင်တည်ရှိသည့် ဘုရားသုံးဆူကိုဖူးမြော်ပြီး တောင်ပေါ်သို့ ခြင်္သေ့ကြီးနှစ်ကောင် စောင်းတန်းမှ တက်ရောက်ခဲ့ပါသည်။ မြန်မာမှုအနု လက်ရာတွင် အချိုးအစား အကောင်းမွန်ဆုံးဖြစ်သည်ဟု စံသတ်မှတ် ထားရသည့် ခြင်္သေ့ကြီးများဖြစ်သည်။ ခြင်္သေ့ကြီးနှစ်ကောင်မှ တောင်ထိပ် ဆုတောင်းပြည့်ဘုရားအထိ သံပြာသာဒ်ပေါင်း ၃၅၆ ခု နှင့် လှေကားထစ် ပေါင်း ၉၀ဝ ရှိသည်ဟု မှတ်သားရပါသည်။

 

မြို့ပြသမိုင်းစာအုပ်ကြီး

တောင်တက်ကားလမ်းအတိုင်း မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် တောင်ထိပ်ဆုတောင်းပြည့် ဘုရားသို့ လွယ်လင့်တကူ ရောက်ရှိနိုင်ပြီဖြစ်၍ ဘုရားတန်ဆောင်းများတွင် ရှေးယခင်ကဲ့သို့ ဘုရားဖူး ဧည့်ပရိသတ်များဖြင့် စည်ကားနေခြင်းမရှိတော့ပေ..။ ခြ​င်္သေေ့ကြီး နှစ်ကောင်မှစ၍ ဗျာဒိတ်ပေးကိုယ်တော်ကြီး အထိ ဘုရားတန်ဆောင်းများသည် ကပ်ကျော်ဘွဲ့တော်ရ ဘုရားများ ဖြစ်တော်မူ သွားတော့သည်။ လွန်ခဲ့သော နှစ်(၄၀-၅၀) ခန့်က အဆိုအတီးတူရိယာ များ ဖြင့် အဖွဲ့လိုက်၊ အစုလိုက် စောင်းတန်းများအတိုင်း တက်ရောက်၍ တောင်ထိပ်အရောက် ဘုရားဖူးသောမြင်ကွင်းများကို မြင်ယောင်မိသည်။ ဘုရားတန်ဆောင်း ကြီးကြီးငယ်ငယ် များတွင် ဘုရားဖူးဧည့်ပရိသတ်များဖြင့် စည်ကားနေခဲ့ဖူးသည်။ စာရေးသူတို့ငယ်စဉ်က မိဘများနှင့်အတူ မန္တလေးတောင်သို့ ဘုရားဖူးလာရာတွင် ထမင်းတောင်းများ၊ ရေဘူးများ၊ ဖျာလိပ်များကိုပါ ယူဆောင်လာကြရပြီး ဗျာဒိတ်ပေးဘုရားသို့ မရောက်မီ ရသေ့ကြီးဦးခန္တီ အလှူခံသီတင်းသုံးခဲ့သည့် ပြန့်ကြီးတွင် ထမင်းစားကြ၊ အနား ယူကြရသည်။ (ယခုအခါ ပြန့်ကြီးသည် ကြီးမားစွာ ပျက်စီးယိုယွင်းလျက်ရှိသည်။) ထို့နောက်တွင် တောင်ထိပ် ဆုတောင်းပြည့် ဘုရားသို့ ဆက်လက်ဖူးမြော်ကြသည်။ အဆင်းခရီးကို ဓာတ်တော်တိုက်ဘုရားနှင့် စွယ်တော် တိုက်ဘုရားများတည်ရှိရာ တောင်ဘက်အရှေ့စောင်းတန်းမှ ဆင်းကြပါသည်။ တောင်တက်ခရီးနှင့် အဆင်းခရီး များတွင် အမောပြေအနားယူရင်း ဇာတ်တော်များ၊ ပန်းချီကားများ၊ အလှူရှင် ကမ္ပည်းစာတန်းများကို လေ့လာဖတ်ရှုရင်း ဘုရားဖူးခရီးဆက်ခဲ့ကြရပါသည်။ အလှူရှင် ကမ္ပည်းစာတန်းများတွင် မြန်မာနိုင်ငံ အနှံ့အပြားမှ မြို့ရွာအမည်များ မြို့ရွာများ၏ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ တိုက်နယ်အဆင့်၊ ကျေးလက်အဆင့်များနှင့် အလှူရှင်များ၏ ရာထူး၊ ဂုဏ်ထူး၊ စီးပွားရေးလုပ်ငန်း အခေါ်အဝေါ်များ ဒေသအလိုက်၊ တိုင်းရင်းသားလူမျိုးများအလိုက် မှည့်ခေါ်ကြသည့် အမည်နာမ အခေါ်အဝေါ်များကိုလည်း သိရှိရသဖြင့် အလှူရှင်ကမ္ပည်း စာတန်းများသည် မြန်မာနိုင်ငံ၏ “မြို့ပြသမိုင်းစာအုပ်ကြီး” ဖြစ်သည်ဟု ဆိုရပေလိမ့်သည်။ အဆိုးရွားဆုံးမှာ မူလအလှူရှင် ကမ္ပည်းစာကို ဖုံးအုပ်၍ အလှူရှင်အသစ်အမည် အစားထိုး ရေးသွင်းခြင်းများ ဖြစ်ပါသည်။ ဘုရားတန်ဆောင်းများတွင် အမြို့မြို့အနယ်နယ်မှ လာရောက်လှူဒါန်းထားကြသည့် အုတ်ခုံ တန်းလျားလေးများက အနားယူအပန်းဖြေမည့် ဘုရားဖူးဧည့်ပရိသတ်များကို မျှော်လင့်နေဟန်ရှိသည်။

 

မီးမောင်းထိုးပြနေ

 မန္တလေးတောင်တော်သည် စာရေးသူတို့ငယ်စဉ်ကထက် ပိုမို၍ စိမ်းလန်းစိုပြည်လျက်ရှိပြီး ဆုတောင်းပြည့်ဘုရား ရင်ပြင်တော်သည် ကျယ်ပြန့်ခမ်းနားသွားသည်။ ထူးခြားသည်မှာ ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီမှ သီတင်းကျွတ်မီးထွန်းပွဲတော်ကို အရှေ့ဘက် နန်းမြို့ရိုးနှင့် ကျုံးအတွင်းရှိ ရတနာပုံဥယျာဉ်အတွင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။ ညပိုင်းအချိန် ဓာတ်တော်တိုက်ဘုရားတွင် ထွန်းလင်းနေသည့် မန္တလေးတောင်တော်ဟူသော မီးစာသားများ၊ မီးစောင်းတန်း အသွယ်သွယ်များဖြင့် တင့်တယ်လှပနေသည့် မန္တလေးတောင်တော်နှင့် မီးရောင်စုံထွန်းညှိထားသည့် နန်းမြို့ရိုး ပေါင်းစပ်ထားသည့်အလှသည် ဂုဏ်ယူဖွယ်ရာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။

 

သဘာဝမျှော်စင်ကြီး

မန္တလေးတောင်တော်ကို မန္တလေးမြို့ကြီးနှင့် ပတ်ဝန်းကျင်ကို လှမ်းမျှော်ကြည့်ရှုရန် သဘာဝတရားကြီးက ဖန်ဆင်း ပေးထားသော သဘာဝမျှော်စင်ကြီးဟု စာဆိုရှင်များက တင်စားညွှန်းဆိုလျက်ရှိကြသည်။ မန္တလေးတောင်နှင့် တောင်ပေါ်ကမြင်တွေ့ရသည့် ရှုခင်းများက ရောက်ဖူးသူတိုင်းကို အကြိမ်ကြိမ် လာရောက်ရှုစားလိုစိတ်ဖြစ်အောင် ညှို့ယူဖမ်းစားသမှု ပြုလျက်ရှိပါသည်။ မန္တလေးတောင်သည် အမြင့် ၇၇၆ ပေရှိသည့်အတွက် မြို့တစ်မြို့၏ ရှုခင်းအလှကို ကြည့်ရှုခံစားရန် သင့်တော်သောအမြင့်ရှိသည်ဟု ဆိုရမည်ဖြစ်ပါသည်။

 

မြို့တော်နှင့် ပတ်ဝန်းကျင်ရှုခင်း

 တောင်ထိပ်အပေါ်စီးက မြင်တွေ့ရသည့် နီစွေးစွေးအုတ်မြို့ရိုး၊ ပြအိုးပစ္စင်နန်းပြာသာဒ်များ နန်းမြို့အဝင်တံခါးများ၊ ကျောက်တော်ကြီး ဘုရား၊ ကုသိုလ်တော်ဘုရား၊ စန္ဒာမုနိဘုရား၊ အတုမရှိကျောင်းတော်ကြီး၊ ပဋ္ဌာန်းရွှေသိမ်တော်၊ သုဓမ္မာဇရပ်တော်များနှင့် အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက် ညီညာဖြောင့်တန်းစွာ ဖောက်လုပ်ထားသည့် လမ်းမကြီးများသည် မင်းနေပြည်တော် ရတနာပုံမန္တလေးမြို့ဟူသော ဂုဏ်သတင်းကို ဝင့်ကြွားလျက်ရှိနေဆဲ ဖြစ်ပါသည်။ တောင်​မြောက် ညီညာဖြောင့်တန်းစွာ ဖောက်လုပ်ထားသောလမ်းမကြီးများကို အရှေ့ အနောက် ညီညာ ဖြောင့်တန်းနေသောလမ်းမကြီးများက တစ်ပြ(အတိအကျဆိုလျှင် ၅၆၈ဒသမ ၇၅ပေ) နှုန်းထားဖြင့် ထောင့်မှန် ကျဖြတ်၍ တည်ဆောက်ထားမှုများက ရှေးမြန်မာမင်းနေပြည်၏ စနစ်တကျတည်ဆောက် ထားမှုများကို သက်သေပြုနေပါသည်။ ယနေ့ မန္တလေးသည် လွန်ခဲ့သောနှစ် ၄၀ ဝန်းကျင်က မန္တလေး မြင်ကွင်း ထက်များစွာခြားနား၍ တိုးတက်ပြောင်းလဲသွားပြီဖြစ်သော်လည်း မင်းတုန်းမင်းကြီး တည်ခဲ့သော ရတနာပုံမန္တလေး၏ ပြပေါက် လမ်းများကို အခြေပြုလျက် ဆက်လက်တိုးချဲ့ထားသည်ကို တွေ့ရသည်။ စည်မျက်နှာကဲ့သို့ ညီညာပြန့်ပြူးသော လွင်ပြင်တွင်တည်ရှိသည့် မန္တလေးမြို့တော်၏ အလှသည် ခေတ်မီအဆင့်မြင့် ဒီဇိုင်းဆန်ဆန်တင့်တယ် လှပသော တိုက်တာအိမ်ခြေများဖြင့် သစ်လွင်တောက်ပလျက်ရှိပြီး စိမ်းညို့ညို့တောင်တန်းတောင်စွယ်များ၊ သစ်ပင်အုပ်များ၊ ရေပြင်ရေရိုး များဖြင့် အနားသတ်ထားသည် ကိုတွေ့ရသည်။ မြို့တောင်ဘက်ယွန်းယွန်း တွင် မဟာမုနိရွှေ ကျောင်းတော်မြင်ကွင်းနှင့်အတူ တက်သေးအင်းနှင့် တောင်သမန်အင်းတို့ကို ထင်ရှားစွာတွေ့မြင်ရသည်။ မဟာမုနိဘုရား၊ တောင်သမန်အင်းနှင့် တက်သေးအင်း တို့သည် ရှေးကာလများနှင့် မတူတော့ဘဲ ခေတ်သစ်မန္တလေးမြို့ကြီး၏အတွင်း ကျရောက်​နေပြီဖြစ်သည်။ လွန်ခဲ့သောနှစ် ၄၀ ခန့်ကမူ မန္တလေးတောင်နှင့် တက်သေးအင်းတို့သည် မန္တလေးမြို့၏ မြောက်ဘက်နှင့် တောင်ဘက်စွန်းများ ဖြစ်ကြသည်။

 

ကျက်သရေဆောင်ဘေးမဲ့အင်းကြီး

တောင်ပေါ်မှရှုမြင်ရသည့် တက်သေးအင်းသည် အမရပူရခေတ်မှစ၍ မန္တလေးရတနာပုံခေတ်အထိ ပဒေသရာဇ်ခေတ် မင်းနေပြည်တော် နှစ်ခုစလုံး၏ အခြံအရံ ကျက်သရေဆောင် ဘေးမဲ့အင်းကြီး ဖြစ်သည်။ ရွှေမြို့တော်ကြီး၏ ရွှေကြိုးသတ်နယ်​မြေအတွင်း ရှိသည့်အတွက် ကုန်းသတ္တဝါ၊ ရေသတ္တဝါများကို ဘေးမဲ့ ပေးထားပြီး ဖမ်းဆီးမှု၊ သတ်ဖြတ်မှု၊ နှိပ်စက်မှုများကိုလည်း ရာဇဝတ်မှုများအဖြစ် သတ်မှတ်ထားသည်။ ပဒေသရာဇ်ခေတ် ရေသတ္တဝါသတ်မှတ်ချက်ကို ဗဟုသုတဖြစ်စေရန် ယခုခေတ်ဥပဒေပါ သတ်မှတ်ချက်နှင့် နှိုင်းယှဉ်တင်ပြလိုပါသည်။ ယခုခေတ် ကျင့်သုံးနေသော မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ(၁၉၉၀)၊ နိုင်ငံခြား ငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ(၁၉၈၉)၊ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေ(၁၉၈၉)နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့က ပြဋ္ဌာန်းသည့် ရေချိုငါးလုပ်ငန်းဥပဒေများ၏ အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်များတွင် ငါးဆိုသည်မှာ ဘဝတစ်လျှောက်လုံးတွင်သော်လည်းကောင်း၊ ဘဝအစိတ်အပိုင်း တစ်ပိုင်းတွင်သော်လည်းကောင်း၊ ရေထဲ၌နေထိုင်ကျက်စားသည့် ရေသတ္တဝါ အားလုံး၊ ယင်းတို့၏ ဥများ၊ သားလောင်းများ၊ သားပေါက်ကောင်များ၊ မျိုးစေ့များကို ဆိုလိုကြောင်း၊ ရေတွင်ပေါက်ပွားသည့် အပင်များနှင့် ယင်းတို့၏ အပင်ပေါက်များ၊ မျိုးစေ့များလည်းပါဝင်ကြောင်း ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ ပဒေသရာဇ်ခေတ် ရေသတ္တဝါသတ်မှတ်ချက်မှာ ပွင့်လင်းကျယ်ပြန့်သည်ကိုတွေ့ရပြီး ရေနေ ရေပိုး၊ ရေမွှား၊ ရေနေငှက်များကို ရေသတ္တဝါဟု သတ်မှတ်ထားသည်။ ဝမ်းဘဲ၊ ဟင်္သာ၊ ကြာဖက်နင်း၊ ရေကြက်၊ စက္ကဝက် စသည့် ကောင်းကင်သို့ပျံနိုင်သည့် ရေနေငှက်များကိုလည်း ရေသတ္တဝါများအဖြစ် တိတိကျကျ ထည့်သွင်း သတ်မှတ်ပေးထားသည်။ ရေနေရေပိုး၊ ရေမွှား၊ ရေနေငှက်များဟူသော အသုံးအနှုန်းများက ရေသယံဇာတ ကာကွယ်ရေးအတွက် ကျယ်ပြန့်မှုရှိကြောင်း တွေ့ရသည်။

 

အင်းငါးမွေးမြူ ထုတ်လုပ်မှုအခြေအနေ

အင်းအိုင်များတွင် ငါးမျိုးစိုက်ထည့်မွေးမြူသည့်စနစ် (Culture based Capture Fisheries နှင့် Capture based Culture Fisheries) ကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် (၁၉၈၀-၁၉၈၁) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၈ခုနှစ် နောက်ပိုင်းတွင် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာခြင်း ဖြစ်သည်။ နိုင်ငံတကာတွင် Culture based Capture Fisheries နှင့် Capture based Culture Fisheries စသည်တို့ ဆောင်ရွက်ခြင်းမရှိစဉ်ကပင် မြန်မာနိုင်ငံအနေဖြင့် ရေချိုငါးလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ အ​ကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့သော လုပ်ငန်းစဉ်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အင်းအိုင်များအားလုံးတို့တွင် အင်းလေ လံရောင်းချရငွေ၏ ငါးရာခိုင်နှုန်းကို ငါးသားပေါက်များ ထည့်သွင်းမွေးမြူစေခြင်းဖြင့် ငါးအထွက်တိုးစေရေး ငါးရိက္ခာ ဖူလုံစေရေးတို့ကို ဆောင်ရွက်စေလျက် ရှိပါသည်။ အလားတူ တက်သေးအင်းအတွင်းသို့ ငါးမှုန်၊ ငါးသန်၊ ငါးဖြန်းများ ဝယ်ယူပြုစု၍ မျိုးစိုက်ထည့်သွင်းမွေးမြူသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်စေလျက် ရှိကြောင်း တွေ့ရသည်။ ငွေရောင်ငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငါးတန်၊ ငါးအုံတုံ၊ ငါးခုံးမ၊ တီလားပီးယား၊ ငါးသန်၊ ငါးဖြန်းကောင်ရေ သိန်း ၅၀ ခန့်ကို ပြုစု၍ ထည့်သွင်းမွေးမြူခြင်းဖြစ်သည်။ နေ့စဉ်ငါးမျိုးစုံ ပိဿာ ၁၀ဝ၀ ခန့် ထုတ်လုပ်လျက်ရှိပြီး တစ်နှစ်လျှင် ငါးမျိုးစုံ ပိဿာ ၃၃၀ဝ၀ဝ ခန့် ဖမ်းဆီးထုတ်လုပ်လျက်ရှိသည်။

 

ဧရာဝတီမြစ်ကြီးနှင့်ခြားနားသွားခဲ့

တက်သေးအင်းသည် ကုန်းတွင်းပိတ်အင်းတစ်ခုဖြစ်ပြီး မန္တလေး မြို့ကြီးမတည်မီက ဧရာဝတီမြစ်ရေကြီးချိန်တွင် ဧရာဝတီမြစ်ကြီးနှင့် ပေါင်းစပ်ကာ ရေပြင်ကျယ်ကြီးဖြစ်သွားသည်။ ရွှေတချောင်းမြောင်း အရှေ့ဘက်ကမ်းအထိ ဧရာဝတီမြစ်ရေ ဝင်ရောက်သည့်အတွက် ရွှေတချောင်းမြောင်း အနောက်ဘက်တစ်ခွင် လူနေအိမ်ခြေစည်ကား စေလိုသောကြောင့် မင်းတုန်းမင်းကြီးလက်ထက် ၁၈၇၆ ခုနှစ်တွင် ပြင်မြေမြို့ရိုးကြီး (ဧရာဝတီမြစ်ရေတား မြေသားတမံတာရိုး)ကို တည်ဆောက်ခဲ့ရာ ဧရာဝတီမြစ်ကြီးနှင့် ခြားနားသွားခဲ့သည်။ အင်းအတွင်းသို့ သင်္ဂဇာချောင်းနှင့် ရွှေတချောင်းမြောင်းရေများသာ အဓိကစီးဆင်းဝင်ရောက်နိုင်တော့သည်။ ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ ပန်းမန် စိုက်ခင်းများ၊ လယ်ယာကိုင်းကျွန်းလုပ်ငန်းများဖြင့် မန္တလေးပြည်သူများအတွက် စားဖိုချောင်သုံး သီးနှံများ၊ ပန်းမန်များ အဓိကထုတ်လုပ်ပံ့ပိုးပေးသော အင်းကြီးဖြစ်ခဲ့သည်။ အင်းမြောက်ဘက်ရှိ မာလကာခြံ၊ ပြည်လုံးအံ့လှေတန်း၊ သံလျက်မော်ပတ္တာရပ်တို့သည် ယခင်က ရာသီအလိုက် ဟင်းသီးဟင်းရွက် မျိုးစုံနှင့် ပန်းမျိုးစုံစိုက်ပျိုးထုတ်လုပ်သည့် ကိုင်းကျွန်းများဖြင့် သာယာသောအရပ်များ ဖြစ်ခဲ့ကြသည်။ အင်း အရှေ့ဘက်ခြမ်းတွင် မဟာမုနိရုပ်ရှင်တော်နှင့် အတူပါလာသည့် မွတ်စလင်ဘာသာဝင် အမှုထမ်းများကို နေရာ ချထားပေးသည့် ဒေါနခြံရပ်သည် ဒေါနပန်းများစိုက်ပျိုး၍ နန်းတော်သို့ ဆက်သွင်းရပြီး နှောင်းခေတ်များ တွင်လည်း ဒေါနပန်းနှင့် ဟင်းသီးဟင်းရွက်များ အဓိက စိုက်ပျိုးထုတ်လုပ်ရာအရပ်ဖြစ်သည်။ ရေကြောင်း ကုန်သွယ်ရေးလုပ်ငန်းများအတွက်လည်း တက်သေးအင်းသည် အထူးအရေးပါခဲ့သည်။

 

မဟာမုနိဗုဒ္ဓဝင်တော်ပါ တက်သေးအင်း

အမရပူရခေတ် မြို့တော်၏လှေဖောင်တော်များ ဆိုက်ကပ်ရန် ဆိပ်ကမ်းကို တက်သေးအင်းအတွင်း တည်ဆောက် ထားသည်။ ရခိုင် မဟာမုနိရုပ်ရှင်တော်ကို ပန်းတောင်းမြို့မှ ၁၁၄၇ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့မှစ၍ ပြည်ကြီး မွန်ရတနာရွှေဖောင်တော်ဖြင့် ပင့်ဆောင်ခဲ့ရာ ကဆုန်လပြည့်ကျော် ၁၅ ရက်နေ့တွင် တက်သေးအင်းအတွင်းရှိ ဖောင်တော်ဆိပ်သို့ရောက်ရှိပြီး တက်သေးအင်း ဖောင်တော်ဆိပ်တွင် ပြသာဒ်တော်ဆောက်လုပ်၍ ရုပ်ရှင်တော် အား ပူဇော်ထားပါသည်။ ထို့နောက်တွင် လက်ရှိသီတင်းသုံးရာသို့ ဆက်လက်ပင့်ဆောင် ကိုးကွယ်ခြင်းဖြစ်သည်။ မဟာမုနိဆိုက်ရောက် သီတင်းသုံးတော်မူရာ အင်းဖြစ်ခြင်း၊ လက်ရှိကျောင်းတော်ကြီးသည်လည်း တက်သေးအင်း စောင်းရေရိပ်တွင်ရှိခြင်း၊ အင်းပတ်လည် မနီးမဝေးတို့တွင် သရီရဓာတ်တော်စစ်များ ကိန်းဝပ်ရာစေတီပုထိုး များကို ဖူးတွေ့နိုင်ခြင်း၊ ဘိုးတော်မင်းတရားနှင့် အမရပူရနန်းစံဘုရင်များ၏ ရတနာရွှေဖောင်တော်များ အစဉ်အမြဲ ဆိုက်ကပ်ရပ်နားထားရာ ရွှေမြို့တော်ဆိပ်ကမ်းဖြစ်၍ ဘူမိနက်သန်အောင်မြေဖြစ်ခြင်းတို့ကြောင့် ဘာသာရေး ဆိုင်ရာ သမိုင်းတန်ဖိုးကြီးမားသောအင်း ဖြစ်ပါသည်။

 

ကုန်းဘောင်ခေတ်ဘုရင့်ရေတပ်အတွက် အရေးပါ

အမရပူရခေတ်မှ ရတနာပုံခေတ်အထိ မြန်မာဘုရင့်ရေတပ်မတော်အတွက် တက်သေးအင်းသည် အထူးအရေးပါ ကြောင်း တွေ့ရသည်။ တက်သေးအင်းနှင့် အင်းအတွင်းစီးဝင်သည့် သင်္ဂဇာချောင်းဝဲယာများတွင် လှေတပ်သား အမှုထမ်းများကို နေရာချထားခဲ့သည်။ မြန်မာဘုရင့် လှေကြီးများ၏ အမည်များအတိုင်း စိန်ပန်းရပ်၊ သူရဲကျော်ရပ်၊ လက်ရွေးကြီးရပ်၊ ပြည်လုံးအံ့လှေတန်း၊ မင်းစံလှေတန်း၊ လက်သစ်လှေတန်း၊ ရွှေတုံးလှေတန်း စသည့် ရပ်ကွက်များချထား၍ လှေအမှုထမ်း များကို နေရာချထားပေးသည်။ မန္တလေးနန်းရှေ့ရှိ ရတနာနဒီတစ်လျှောက် တွင် လည်း ရွေးကြီးရပ်၊ ယာဉ်ပျံရပ်၊ ရွှေခဲပွား၊ ရွှေကြက်ယက်ဘုရားအနီးတွင် စိန်တုံးရပ်၊ စစ်ကိုင်းဘက်တွင် အစေခံရပ်၊ မိုးဇာရပ်၊ သပြု၊ ခိုတောင်စသည့် ရပ်ရွာများသည်လည်း ဘုရင့်လှေတော်များ၏ အမည်များကိုစွဲ၍ မှည့်ခေါ်ထားပြီး လှေတော်သားများအား နေရာချထားပေးခဲ့ခြင်း ဖြစ်ပါသည်။ ဘုရင့်လှေတော်များ အမည်ဖြင့် မှည့်ခေါ်သောရပ်ရွာများ ကျန်ရှိနိုင်ပါသေးသည်။

 

ဂမ္ဘီရဆန်သော ရွှေတုံးလှေ

ရွှေတုံးလှေသည် သက္ကရာဇ် ၁၀၉၉ ခုနှစ် ဆင်ကြားရှင်မင်းလက်ထက် တွင် သာယာဝတီမြို့ဝန် သီဟစက်မှ သာယာဝတီမြို့တွင် လေးနှစ်ကြာ အောင် တည်ဆောက်ခဲ့ရပြီး ကိုးနှစ်ကြာစီးနင်းခဲ့သည်။

 

၁၁၀၂ ခုနှစ်တွင် ပဲခူးမင်း မင်းပြု၍၊ ညီဥပရာဇာက သိမ်းယူခဲ့ပြီး အင်းအိုင်းပယောဂအစီအရင်များ ပြုလုပ်ကာ လှေဦးတွင် အင်းကွက်များမြုပ်ထားပြီး လှေတစ်စင်းလုံးကို ရွှေချ၍ ရွှေတုံးလှေအမည်ဖြင့် ဘောလည် ရွာသားများက လှော်ခတ်ကြရသည်။ ပဲ့နင်းမှာ ငဒေါကွန်းနှင့် ငဒေါတညီအစ်ကို နှစ်ယောက်ဖြစ်ပြီး ညီအစ်ကို နှစ်ယောက် သေဆုံးသောအခါ လှေတွင်အစောင့်နတ်ဖြစ်သည်ဟု ဆိုသည်။ ၁၁၁၈ ခုနှစ်တွင် အလောင်း မင်းတရားကြီး ဟံသာဝတီကိုသိမ်းသည့်အခါ လှေကြီးကို သိမ်းယူခဲ့ပြီး ရွှေတုံး​လှေတော်ဟု အမည်ပေး၍ ဆက်လက်သုံးစွဲခဲ့သည်။ မန္တလေးနန်းတော်သိမ်းအခမ်းအနားတွင် ရွှေတုံးလှေတော်ကြီးသည် မင်းတုန်းမင်းကြီး နှင့် မိဖုရားခေါင်ကြီးတို့စီးနင်းသည့် ကရဝိက်ဖောင်တော်ကြီး၏ အခြံအရံလှေတော်အဖြစ် လိုက်ပါခဲ့ပြီး ကုန်းဘောင်ခေတ်တစ်ခေတ်လုံး သုံးစွဲခဲ့သည့် လှေကြီးဖြစ်သည်။ သီပေါမင်းလက်ထက်တွင် ရွှေတုံးလှေတော် ဟောင်းနွမ်းသဖြင့် အခမ်းအနားအစီအရင် ပေါင်းများစွာဖြင့် အသစ်တစ်ဖန် ပြန်လည်တည်ဆောက် သည်ကိုလည်း တွေ့ရသည်။ သီပေါမင်းလက်ထက် ရေတပ်ဗိုလ်ချုပ်ဖြစ်သူ စလေမြို့စားမင်းကြီး သီရိမဟာ ဇေယျကျော်ထင် လှေသင်းအတွင်းဝန် ဦးရွှေမောင်သည် ဘုရားကြီးအောက်ကျင်းရပ် တက်သေးအင်းစောင်းရှိ ဥယျာဉ်ကြီးအတွင်း နေထိုင်ခဲ့သည်။

 

အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲတွင် လက်သစ်လှေသင်းဗိုလ် မဟာမင်းလှသိဒ္ဓိကျော်စွာသည် ထူးပေါက်ကတုတ်မှ လည်းကောင်း၊ လက်ရွေးကြီးလှေသင်းဗိုလ် မင်းထင်မင်းလှရဲခေါင်သူရိန်သည် မင်းလှခံတပ်မှလည်းကောင်း၊ ပြည်လုံးအံ့လှေသင်း ဗိုလ်မင်းကျော်သိဒ္ဓိရန်အောင်သည် ဂွေးချောင်းခံတပ်မှလည်းကောင်း ခုခံတိုက်ခိုက်ခဲ့ ကြသည်။ တက်သေးအင်းရေပြင်သည် နယ်ချဲ့ဆန့်ကျင်ရေး အငွေ့အသက်များဖြင့် ယနေ့တိုင်ထုံမွှမ်းလျက်ရှိသော ရေပြင်ဖြစ်ပါသည်။

 

ဖူးမြော် လေ့လာနိုင်

တက်သေးအင်းရေပြင်မှအရှေ့ဘက်ရှုခင်းတွင် ရှမ်းရိုးမတောင်တန်းကို နောက်ခံထား၍ မဟာမုနိဘုရားရှင်စံရာ ရွှေကျောင်းတော်၊ အာနန္ဒာဘုရား၊ စန္ဒာမုနိဘုရား၊ တောင်ဘက်ရှုခင်းတွင် ရွှေရင်းရဲဘုရား၊ ဆင်ကြိုရွှေဂူ ကပ်ကျော်စေတီ၊ တောင်မြို့ပုထိုးတော်ကြီးဘုရားနှင့် အမရပူရ နန်းတော်ရာ၊ အနောက်ဘက်ရှုခင်းတွင် စစ်ကိုင်း တောင်တန်းနှင့် ဘုရားပုထိုးစေတီများ၊ အင်းအတွင်းပိုင်းတွင် စာဆိုရှင်အနောက်နန်း မိဖုရားမမြလေး၏ ရေလယ် ကုသိနာရုံစေတီ၊ ဘိုးတော်ဘုရားကောင်းမှု သာယာရွှေဂူစေတီတို့ကိုဖူးမြော်နိုင်မည်ဖြစ်ပြီး မြောက်ဘက်ရှုခင်းတွင် မန္တလေးမြို့ပြအဆောက်အအုံများ၊ မန္တလေးဈေးချိုတော်နှင့် မန္တလေး တောင်တော်စသည့် လှပသောရှုခင်းများကို ကြည့်ရှုခံစားရမည်ဖြစ် သည်။ အရှေ့ဘက်ကမ်းတစ်လျှောက်တွင် ကျောက်ဆစ်လုပ်ငန်း၊ ကြေးသွန်းလုပ်ငန်း၊ ပန်တည်းလုပ်ငန်း၊ ပန်းချီ၊ ပန်းပုလုပ်ငန်းများကို လေ့လာနိုင်မည်ဖြစ်သည်။ အင်းကြီး၏ တောင်ဘက်တာရိုးမှ ကြည့်ပါက အင်းရေပြင်နှင့် ပေါင်းစပ်ထားသည့် မန္တလေးမြို့ကြီး၏ အလှသည်ခမ်းနား လှပသည့် ပန်းချီကား တစ်ချပ်ဖြစ်ပါသည်။

 

တက်သေးအင်းအမည် မှ ကန်တော်ကြီးအမည်သို့

တက်သေးအင်းကို ၁၉၀၉ ခုနှစ် အင်္ဂလိပ်အစိုးရခေတ်တွင် အင်း မြေပုံ၊ အင်းနယ်နိမိတ်များ ရေးဆွဲသတ်မှတ်ပြီး လေလံတင်ရောင်းချ ခဲ့သည်ဟု သိရသည်။ ၁၉၈၉-၁၉၉၀ ပြည့်နှစ်တွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ငါးလုပ်ငန်းဦးစီးဌာနသို့ လေလံအင်းအဖြစ် လွှဲပြောင်းခဲ့ပြီး ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ်လေလံတင်ရောင်း ချခဲ့သည်။ ၁၉၈၉- ၁၉၉၀ ပြည့်နှစ်တွင် သံလျက်မော်ရပ်နေ ဦးအောင်ကျော်က ၁၂၀ဝ ကျပ်၊ ၁၉၉၀-၉၁ခုနှစ်တွင် သံလျက်မော်ရပ်နေ ဦးသောင်းမြင့်က ၃၁၀ဝ၀ ကျပ်ဖြင့် လည်းကောင်း၊ ၁၉၉၁-၁၉၉၂ ခုနှစ်မှ ၁၉၉၅-၁၉၉၆ ခုနှစ်အထိ ခြောက်နှစ်ဆက်၍ ဦးတင်မြင့်က ၃၂၀ဝ၀ ကျပ်၊ ၄၀ဝ၀ဝကျပ်၊ ၇၆၀ဝ၀ဝ ကျပ်၊ ၈၃၆၀ဝ၀ကျပ်၊ ၉၁၉၆၀ဝ ကျပ်တို့ဖြင့်လည်းကောင်း လေလံဆွဲဝယ်ခဲ့ကြောင်း တွေ့ရသည်။ ၁၉၉၆ခုနှစ်တွင် မန္တလေးမြို့ ကွက်သစ် တိုးချဲ့တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ရာတွင် တက်သေးအင်းသည် မန္တလေးမြို့တော် စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ကျရောက်နေသည့်အတွက် ငါးလုပ်ငန်းဦးစီးဌာန အမိန့်ကြော်ငြာစာ အမှတ်-၆/၉၆ ဖြင့် အင်းစာရင်းမှ ပယ်ဖျက်၍ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်တီသို့ လွှဲပြောင်းပေးခဲ့သည်။ ၁၉၉၇ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် တက်သေးအင်းအမည်မှ မန္တလေး ကန်တော်ကြီးအမည်သို့ ပြောင်းလဲခဲ့ပါသည်။ သားငါးထုတ်လုပ်မှု လျော့နည်းမှုမရှိစေရေးအတွက် စည်ပင်သာရေးကော်မတီမှ ငါးမွေးမြူရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ ၂၀ဝ၀ ပြည့်နှစ်တွင် ဧက ၂၅၀ ဖြင့် စတင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဧက ၄၅၀ အထိ မွေးမြူထားပြီး ဖြစ်သည်။ ကန်တော်ကြီး မြောက်ဘက်ခြမ်းကို ၂၀ဝ၂-၂၀ဝ၃ ခုနှစ်တွင် စည်ပင် သာယာရေးကော်မတီက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ လွှဲပြောင်းပေးခဲ့ပြီး ငါးမွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၂၇၄ ဒသမ ၄၁ ဧကကို မွေးမြူ ထားပြီးဖြစ်သည်။ ကန်တော်ကြီး အလယ်မှဖြတ်၍ လူသွားစင်္ကြံ ပလက်ဖောင်းပါ လေးလမ်းသွားကားလမ်းရှိပြီး ဧရာဝတီမြစ်ရေတား တာရိုးကြီးနှင့် ကန်၏တောင်ဘက်ပိုင်းတွင် ဆက်သွယ်ထားသည်။ စစ်ကိုင်း- မန္တလေးခရီးအတွက် အရေးပါသော ကားလမ်းတစ်ခုလည်း ဖြစ်ပါသည်။

 

တာဝန်ထမ်းဆောင်ဆဲ

ယနေ့ မန္တလေးကန်တော်ကြီးသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြင်ကွင်းများဖြင့် လှပတင့်တယ် နေဆဲဖြစ်ပြီး မန္တလေးမြို့ကြီး ၏ အလှကို ပိုမိုပြည့်စုံအောင် အားဖြည့်ပေးလျက်ရှိပါသည်။

 

အခါအားလျော်စွာ ကျင်းပလေ့ရှိသည့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲများ ကျင်းပရာနေရာကောင်းတစ်ခုဖြစ်ပြီး ပြည်သူများအတွက် နေ့စဉ် လိုအပ်သောငါးရိက္ခာများ ထုတ်လုပ်ပေးလျက်ရှိသည်။ ပြည်တွင်း ပြည်ပခရီးသွား များအတွက် အပန်းဖြေအနားယူစရာ နေရာကောင်းတစ်ခုဖြစ်ပြီး ရေချိုအရင်းအမြစ်တစ်ခုအဖြစ် တာဝန် ထမ်းဆောင်ဆဲ ဖြစ်ပါသည်။

 

အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ကာကွယ်ထိန်းသိမ်းကြပါစို့

မန္တလေးတောင်နှင့်မန္တလေးကန်တော်ကြီးကဲ့သို့ သမိုင်းတန်ဖိုးကြီးမားပြီး သဘာဝသယံဇာတများ၊ သဘာဝအလှ တရားများနှင့် ပြည့်စုံသော တောတောင်သဘာဝရေမြေများသည် စာရှုသူတို့၏ နယ်မြေအသီးသီးတွင် မုချဧကန် တည်ရှိနေမည်ဖြစ်သည်။ ရှာဖွေဖော်ထုတ်၍ ထိန်းသိမ်းပြုစုသင့်ပြီး၊ ထိန်းသိမ်းပြုစုနိုင်ရေးအတွက်လည်း တိုက်တွန်းနှိုးဆော်ရမည် ဖြစ်ပါသည်။ နောင်လာမည့် အနာဂတ်မျိုးဆက်များသို့ လက်ဆင့်ကမ်းအမွေ ပေးဆောင်နိုင်ရေးအတွက် သဘာဝသယံဇာတများ၊ ယဉ်ကျေးမှု အမွေအနှစ်များကို ရေရှည်တည်တံ့ စေရန် “အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကာကွယ်ထိန်းသိမ်းကြပါစို့” ဟု ရေးသားတိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါသည်။    ။