မန္တလေးသင်္ကြန်ကို ထူးခြားသောအစီအစဉ်သစ်များဖြင့် ကျင်းပမည်

မန္တလေး ၅ မတ်

 

သင်္ကြန်၏ပုံရိပ်၊ မန္တလေးမြို့၏အနှစ်သာရနှင့် ပျော်ရွင်ညီညွှတ်မှုကိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် မန္တလေးသင်္ကြန်ကို တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးခြားကောင်းမွန်အောင် ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ကြောင်း မတ်လ ၅ ရက်မွန်းလွဲ ၃ နာရီက ပြုလုပ်သည့် ၂၀၁၈ ခုနှစ် မန္တလေးမဟာသင်္ကြန် ကျင်းပမည့် အစီအစဉ်များအား မီဒီယာများကို ရှင်းလင်းပွဲတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူက ပြောသည်။

 

ယခုနှစ်မန္တလေးသင်္ကြန်ကို ရှေးခေတ်မန္တလေးပုံရိပ်နှင့် အရသာကို ပြန်လည်ခံစားရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် လည်းကောင်း၊ ဒေသထွက်ကုန်ရိုးရာ အစားအစာများ ပေါများသည့် မန္တလေးမြို့၏ အမှတ်တံဆပ်ကို သင်္ကြန်ပွဲတော်တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် တွဲဖက်ပြီး လုပ်ဆောင်နိုင် ရန်လမ်းလျှောက်သင်္ကြန်နှင့် တောသင်္ကြန်အစီအစဉ်ကို ဆန်းသစ်သောဖန်တီးမှုများဖြင့် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီနှစ်ကျင်းပမယ့် လမ်းလျှောက်သင်္ကြန်မှာ မနှစ်ကထက် ပိုမိုထူးခြားတဲ့ အစီအစဉ်တွေ တီထွင်ဆန်းသစ် ထည့်သွင်းထားတယ်။ ဒါ့အပြင် တောသင်္ကြန်မှာလည်း ရိုးရာအစားအစာတွေနဲ့ ရိုးရာယဉ်ကျေးမှုကို တွဲဖက်ပြီး ဖော်ထုတ်နိုင်အောင် ဆံရစ်ဝိုင်း မိန်းကလေးတွေ ပူးပေါင်းပါဝင် လုပ်ဆောင်ကြမယ်။

 

ဆံရစ်ဝိုင်းမိန်းကလေးတွေနဲ့ နိုင်ငံခြားသားတွဲဖက်ပြီး အမှတ်တရဓာတ်ပုံ ရိုက်နိုင်တဲ့နေရာတွေလည်း စီစဉ်ထားတယ်။ ဖျော်ဖြေရေးအနေနဲ့ ပိတ်ကားထောင်ရုပ်ရှင်ပြသတာတွေ၊ ကျောက်ဆည်ဆင်အကတွေ၊ ရုပ်ကြီးစင်နဲ့ခြင်းလုံးအလှခတ် ပွဲတွေလည်း နေ့စဉ်ဖျော်ဖြေဖို့စီစဉ်ထားတယ်။” ဟု ၎င်းကပြောသည်။

 

တောသင်္ကြန် ညဈေးရောင်းပွဲတော်တွင် ရိုးရာအစားအစာများ ရောင်းချမည့် ဆိုင်ခန်း ၁၈၀ ကို ကျန်းမာရေးနှင့် ညီညွှန်သော အစားအစာများ ရောင်းချနိုင်ရန် ဧပြီ ၈ ရက်နေ့တွင် အစားအသောက်ကျွမ်းကျင် ဆရာဝန်များက သင်တန်းပို့ချပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဆက်လက်ပြောကြားသည်။

 

ယခုနှစ်မန္တလေးမဟာသင်္ကြန်ပွဲတော်တွင် ထူးခြားသော ပါဝင်မှုအနေဖြင့် မြန်မာနိုင်ငံကာ တွန်းဆရာများ အသင်းက ဦးစီးကျင်းပမည့် ရေဆိုခံကာတွန်းပြပွဲတွင် လက်ရွှေးစင်ကာတွန်းကားပေါင်း ၃၀ဝ ကျော်ကို သင်္ကြန်ကာလအတွင်း ကျုံးတောင်ဘက် ၇၃ လမ်းနှင့် ၇၈ လမ်းကြား လမ်းလယ်ကျွန်းပေါ်တွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)