မန္တလေးမြို့တွင် သနပ်ခါးဈေးပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲ ကျင်းပမည်

မန္တလေး ၂၂ မတ် 

             

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါးကိုမြတ်နိုးတန်ဖိုးထား၍ လိမ်းခြယ် ထိန်းသိမ်း တတ်စေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှဦးစီးကာ သနပ်ခါးဈေးပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲကို မန္တလေးမြို့ရှိ ကျောက်တော်ကြီး ဘုရားတွင် မတ်လ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

 

လက်ရှိတွင် ပြည်တွင်းဈေးကွက်သို့ သနပ်ခါးပါဝင်သည်ဟုဆိုကာ ပြည်ပမှ အလှကုန်ပစ္စည်းများ တင်သွင်းလာခြင်း၊ သနပ်ခါးအစစ်နှင့် အနံ့ပုံစံတူညီသောအတုများ ဈေးကွက်အတွင်း ပေါများလာခြင်းနှင့် မြန်မာအမျိုးသမီးများ သနပ်ခါးထက် မိတ်ကပ်ပစ္စည်းများကို ပိုမိုအသုံးပြုလာခြင်း တို့ကြောင့် ပျောက်ကွယ် လုနီးပါး ဖြစ်ပေါ်နေသည့် သနပ်ခါးဈေးကွက်ကို ပြန်လည်ဖော်ထုတ် မြှင့်တင်ရန် ယခုလို ပြပွဲကျင်းပခြင်း ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမိုးက ပြောသည်။

 

“အရင်တုန်းက စစ်ကိုင်းက ကောင်းမှုတော်ဘုရားမှာ သနပ်ခါးဈေးကွက်က အရမ်းကို ကောင်းမွန်တယ်။ အခုတော့ အဲ့ဒီနေရာမှာလည်း သိပ်မရောင်းရတော့ဘူး။ သနပ်ခါးအတုတွေကလည်း ဈေးကွက်ကိုဝင်လာတော့ အစစ်ထက် ဈေးသက်သာတဲ့အတုကို ဝယ်ယူလာကြတယ်။ ပြည်ပကလည်း သနပ်ခါးပါတယ်ဆိုပြီး အလှကုန်ပစ္စည်းတွေ တင်သွင်းလာတယ်။ အမှန်တကယ်က သူတို့ပစ္စည်းတွေထဲမှာ သနပ်ခါးကမပါဘူး။ ဒါကြောင့် သနပ်ခါးဈေးကွက် ပျက်လာတဲ့အတွက် သနပ်ခါး စိုက်ပျိုးသူတွေ အခက်အခဲနဲ့ ယှဉ်ဆိုင်နေရတယ်” ဟု ၎င်းက ပြောသည်။

 

မြန်မာ့သနပ်ခါးသည် နံ့သာ ၁၀ ပါးတွင် အခေါက်နံ့သာအဖြစ် ပါဝင်ပြီး လိမ်းခြယ်သူကို လှပစေ၍ အသားအရည်ကို အေးမြချောမွတ်ကာ စိတ်ကြည်လင်လန်းဆန်းမှုကို ခံစားဖြစ်ပေါ်နိုင်သည့်အပြင် သနပ်ခါးပင်မှ ထွက်ရှိသည့် အရွက်၊ အသီး၊ အမြစ်နှင့် သနပ်ခါးအနှစ်များသည် ကျန်းမာရေးအတွက် ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုနိုင်ကြောင်းကို အဆိုပါပြပွဲတွင် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ဒီပြပွဲမှာ သနပ်ခါးအမည်ခံပြီး တင်သွင်းလာတဲ့ ပြည်ပက အလှကုန်ပစ္စည်းတွေကို စစ်ဆေးပေးဖို့ တင်ပြ သွားမယ့်အပြင် သနပ်ခါးကို အဆင့်မြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့နိုင်ဖို့ အစီအစဉ် တွေလည်း ဆွေးနွေးသွားမယ်။ ဒါ့အပြင် သနပ်ခါးလိမ်းခြင်းကြောင့် ဘယ်လိုအလှတရားတွေ ပိုင်ဆိုင်နိုင်မယ် ဆိုတာတွေနဲ့ သနပ်ခါးကို မိတ်ကပ်နဲ့ တွဲဖက်ပြီး အသုံးပြုလိမ်းခြယ်လို့ရတယ်ဆိုတာကို ပြသဖို့ သနပ်ခါး လှပျိုမေပြိုင်ပွဲကိုလည်း ထည့်သွင်းထားပါတယ်။”ဟု အဆိုပါအသင်းမှ ဗဟိုကော်မတီဝင် ဦးမျိုးဝင်းသန့်က ပြောသည်။

 

မြန်မာ့သနပ်ခါးရနံ့ ကမ္ဘာကို ပျံနှံ့စေရန် ရည်ရွယ်ဆောင်ရွက်သော အဆိုပါပြပွဲတွင် ရွှေဘို၊ ရေစကြို၊ ပခုက္ကူနှင့် အရာတော်စသည့် သနပ်ခါးအဓိကထွက်ရှိရာ ဒေသအသီးသီးမှ စိုက်ပျိုးသူများကိုယ်တိုင် လာရောက်ရောင်းချ ပေးမည်ဖြစ်ပြီးသနပ်ခါးမှ တစ်ဆင့် ထုတ်ယူသော သနပ်ခါးအမှုန့်၊ သနပ်ခါး အရည်၊ သနပ်ခါးအမြစ် လိမ်းဆေးရည်နှင့် အခြားသော ထုတ်ကုန်များကိုလည်း ပြသသွားမည့် အပြင် လှပျိုမေပြိုင်ပွဲများ သနပ်ခါးကို ပြည်ပပို့ကုန်အဖြစ် အဆင့်မြှင့်တင်မည့်ဆွေးနွေးပွဲများ ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)