မန္တလေးမြို့တွင် နှလုံးသားထဲကပုဂံ ဓာတ်ပုံပြပွဲကျင်းပ

မန္တလေး ၂၀ သြဂုတ်

 

မန္တလေးမြို့တွင် “နှလုံးသားထဲကပုဂံ ဓာတ်ပုံပြပွဲ” ကို မန္တလေးမြို့တော်ခန်းမ၌ သြဂုတ် ၂၀ မှ ၂၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါပြပွဲကို မြန်မာ့အမွေအနှစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့အမွေအနှစ်အဖြစ် ဂုဏ်ယူနိုင်ရေးအတွက် အကြိုလှုပ်ရှားမှုအဖြစ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် လူနေမှုဘဝများအား ဓာတ်ပုံပညာဖြင့် ထုတ်ဖော်ပြသရန် "နှလုံးသားထဲက ပုဂံ" (မြန်မာ့ အမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဆီသို့) ဓာတ်ပုံပြပွဲအား ပုဂံနှင့် ရန်ကုန်မြို့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုတွင် တတိယအကြိမ်အဖြစ် ပြသခြင်းဖြစ်သည်။

 

 

"ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရဲ့ ကြီးကျယ်ခမ်းနားမှုတွေ၊ ရှေးဟောင်းအနုပညာလက်ရာတွေ၊ လူနေမှုဘဝတွေကို မြန်မာသာမက ကမ္ဘာ့အထိ သိစေရန် အတွက်ပါ မန္တလေးမှာ ပြသပြီးရင်လည်း နောက်ထပ် ပြသသွားမှာပါ" ဟု နှလုံးသားထဲကပုဂံဓာတ်ပုံပြပွဲမှ တာဝန်ရှိသူ ဒေါက်တာသိန်းလွင်ကပြောသည်။

 

 

" နှလုံးသားထဲက ပုဂံ" (Road To Azerbaijan)  ဓာတ်ပုံပြပွဲများမှ ဓာတ်ပုံများကို ရောင်းချသွားမည်ဖြစ်ပြီး ရရှိသောငွေများ အားလုံးကို BAGANCOM အဖွဲ့သို့  ရန်ပုံငွေအဖြစ် လှူဒါန်းသွားမည်ဖြစ်သည်။

 

 

"ဒီမှာပြတဲ့ ဓာတ်ပုံပေါင်းက ၂၃၂ ပုံပြသထားတယ်။ ဓာတ်ပုံဆရာက ၁၇၃ ယောက်ပေါ့။ အဲ့မှာရရှိတဲ့ ဓာတ်ပုံတွေကို ရောင်းချသွားမယ်။ ရောင်းချလို့ရတဲ့ ပုံတွေကို ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားမှာပါ" ဟုနှလုံးသားထဲက ပုဂံမှ ပြန်ကြားရေး တာဝန်ခံ ကိုနိုင်ထွန်းလတ်က ပြောသည်။

 

 

"နှလုံးသားထဲက ပုဂံ" ဓာတ်ပုံပြပွဲ (မန္တလေး) တွင် ပါဝင်ပြသထားသော ဓာတ်ပုံများကို တစ်ပုံလျှင် ၁၅၀၀၀၀ ကျပ် (အမေရိကန်ဒေါ်လာ ၁၀၀-အထူးနှုန်း)ဖြင့် ဝယ်ယူလှူဒါန်းနိုင်ပြီး ပြပွဲသို့ ကိုယ်တိုင်လာရောက် ဝယ်ယူလှူဒါန်းနိုင်သလို Online မှလည်း ဝယ်ယူလှူဒါန်းနိုင်ကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါပွဲမှ "နှလုံးသားထဲက ပုဂံ" အမှတ်တရ လွယ်အိတ် ၇၀၀၀ ကျပ်၊ တီရှပ် ၁၀၀၀၀ ကျပ်၊ ဓာတ်ပုံစာအုပ် ၁၅,၀၀၀ ကျပ်နှုန်းဖြင့်လည်း ဝယ်ယူလှူဒါန်းနိုင်ကြောင်း သိရသည်။

 

ပုဂံဒေသကို သမိုင်းမှတ်တမ်းအရ ခရစ်နှစ် ၁၀၇ ခုနှစ်က ညောင်ဦးမြို့တောင်ဘက် ကျောက်ပန်းတောင်း မြို့ဘက် အထွက် တုရွင်းတောင်၏ အရှေ့ဘက် တစ်မိုင်ခန့်ရှိ ယုန်လွှတ်ကျွန်း အရပ်တွင် သမုဒ္ဒရာဇ်မင်းက ကျေးရွာပေါင်း (၁၉) ရွာဖြင့် စတင်တည်ထောင်ခဲ့ပြီး ပုဂံမင်းဆက် (၃၄) ဆက်မြောက်ဘုရင် ပျဉ်ပြားမင်းလက်ထက် (၈၄၉) ခုနှစ်တွင် ယခုလက်ရှိ နေရာဖြစ်သော စေတုတ္ထပုဂံပြည်ကြီးကို တည်ထောင်ခဲ့သည်။   

 

ယင်းပုဂံမြေပေါ်တွင် ပုဂံမင်းဆက်များနှင့် ပုဂံဒေသရှိ ပြည်သူလူထုတို့ တည်ထားကိုးကွယ်ခဲ့သော ဘုရားပေါင်း (၄၄၄၆၇၃၃) ဆူ တစ်စုတဝေးတည်း တည်ရှိရာ ဗုဒ္ဓဘာသာဝင်တို့၏ သမိုင်းဝင်ဒေသ ဖြစ်သည်။

 

သူရိန်လင်း