မန္တလေးမြို့တွင် နှစ်သစ်ကူးည၌ ရဲတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်မည်

မန္တလေး ၂၇ ဒီဇင်ဘာ

 

နှစ်သစ်ကူးညတွင် မန္တလေးမြို့တွင်း၌ ပြဿနာ ဖြစ်ပွားနိုင်ဖွယ်ရှိသော နေရာများနှင့် ကျုံးဘေးနှင့် ကန်တော်ကြီးစသည့် လူအများရှိနိုင်သော နေရာများတွင် ရဲတပ်ဖွဲ့ဝင်အင်အား တစ်ထောင်ကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ယင်းညတွင် ပူးပေါင်းအဖွဲ့များ အပါအဝင် လုံခြုံရေးအင်အား တစ်ထောင်ဝန်းကျင်ကို အသုံးပြုပြီး သွားမည်ဖြစ်သလို ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အများပြည်သူ လုံခြုံရေးအတွက် တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

 

“နယ်မြေအလိုက် လှည့်ကင်းတွေ၊ လူစည်ကားပြီးတော့ ပြဿနာဖြစ်နိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတွေချမယ်၊ အရက်သောက်ပြီးတော့ ဆိုင်ကယ်စီးတာတို့ ဆိုင်ကယ်တွေ ထောင်စီးတာတော့ မဖြစ်အောင် ကြပ်မတ်ထိန်းသိမ်းသွားမယ်၊ အဓိက ကတော့ ကျုံးပတ်ပတ်လည်၊ ကန်တော်ကြီးတို့ပေါ့" ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

မန္တလေးမြို့တွင် နှစ်သစ်ကူးည၌ လူစည်ကားမှု အများဆုံး နေရာများမှာ ၆၆ လမ်းနှင့် ၂၆ လမ်း ကျုံးဘေးနှင့် မန္တလေးကန်တော်ကြီး၊ ဦးပိန်တံတား အစရှိသည်တို့တွင် နှစ်သစ်ကို ကြိုဆိုကြသူ များပြားပြီး  ခိုက်ရန်ဖြစ်ပွားမှုများလည်း ဖြစ်ပွားလေ့ရှိသည်။

 

အဆိုပါ နှစ်ကူးညများတွင် ယခင်နှစ်များ၌ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ မတော်တဆ ယာဉ်တိုက်မှုများနှင့် ခိုက်ရန်ဖြစ်ပွား၍ ဒဏ်ရာရရှိသူများ အများဆုံး ရောက်ရှိလာလေ့ရှိကြောင်း ပြင်ပလူနာဌာန မှတ်တမ်းများအရ သိရသည်။

 

သူရိန်လင်း