မန္တလေး ၂ ဇွန်
၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ရက်နေ့က ပြဋ္ဌာန်းသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေတွင် မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် ရှေ့မီးအနိမ့်ကို နေ့ည အချိန်တိုင်းတွင်ဖွင့်၍ မောင်းနှင်ရမည်ဖြစ်သလို သတ်မှတ်ထားသည့် မော်တော်ယာဉ်မောင်းနှင်နေစဉ် ယာဉ်ပေါ်ပါရှိသော အသက်၁၀နှစ်အောက် ကလေးများအား ကလေးအသက်ကယ်ထိုင်ခုံကို အသုံးမပြုဘဲ စီးနင်းစေခြင်းမပြုရ စသည့်ပြဌာန်းချက်များ ပါဝင်လာပြီး အများပြည်သူနှင့် ယာဉ်မောင်းများ သိရှိလိုက်နာစေရန် မန္တလေးမြို့တွင် ပညာပေးလက်ကမ်းစာစောင်များနှင့် ဥပဒေပြဌာန်းစာအုပ်များ ဖြန့်ဝေမှုများကို ယာဉ်ထိန်းရဲတပ်ဖွဲ့စုအလိုက် မြို့နယ်တွေမှာ လုပ်ဆောင်လျက်ရှိသည်။
" ဆိုင်ကယ်ရှေ့မီး အနိမ့်အမြင့်မီးကို နေ့၊ ညဖွင့်၍ မောင်းရမယ်၊ နေ့လည်းမောင်းရမယ်၊ နေ့အခါမှာ ရှေ့မီး အနိမ့်ဖွင့်မောင်းတဲ့အတွက် မိုးအုံ့တဲ့အချိန် မိုးကြီးတဲ့အချိန်တွေဆိုမှာရင် ယာဉ်အသုံးပြုသူ ကား မောင်းသူအတွက်ပါ အန္တရာယ်ကင်းပါတယ်၊ ဆယ်နှစ်အောက်ကလေးတွေ ကားပေါ်ပါလာပြီဆိုရင်လည်း အသက်ကယ် ထိုင်ခုံခါးပတ်ပတ်ထားရမယ် စတဲ့ပြဋ္ဌာန်းချက်တွေပါလာပါတယ်၊ မျက်မှောက်ခေတ်ကာလမှာ လည်း ယာဉ်အသုံးပြုသူတွေများလာတာတယ်၊ ယာဉ်အသုံးပြုသူတွေအနေနဲ့ ဥပဒေအသစ်တွေကို သိရှိ နားလည်အောင်၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘာတွေသိထားသင့်တယ် ဘယ်လိုတွေ ပြဋ္ဌာန်းထားလဲဆိုတာတွေ မိဘပြည်သူတွေ သိရှိစေချင်လို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်၊ ကိုဗစ်ကာလမှာလည်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်တာတွေကို နားထားတယ်၊ ပြန်လည်ဆောင်ရွက်လာပြီဆိုရင်လည်း နောက်ထုတ်ထားတဲ့ ဥပဒေအသစ်နဲ့ပဲ အရေးယူဆောင်ရွက်တာတွေ လုပ်သွားမှာပါ"ဟု မန္တလေး မဟာအောင်မြေမြို့နယ်မှ အမှတ်(၁၄)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ တပ်ဖွဲ့စု(၉၀) ဒုရဲမှူး သောင်းနိုင်ဦးက ပြောပါသည်။
မော်တော်ဆိုင်ကယ်မောင်းနှင်သူ မည်သူမဆို နေ့၊ ညအချိန်တိုင်းတွင် ဆိုင်ကယ်ရှေ့မီး အနိမ့် မဖွင့်ဘဲမောင်းနှင်လျှင်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ လိုက်ပါစီးနင်သူကိုဖြစ်စေ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဆိုင်ကယ်ဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်ဆင်၍ ဆောင်းခြင်းမပြုဘဲ မောင်းနှင်လျှင်ဖြစ်စေ၊ နောက် ကြည့်မှန်နှင့် အိပ်ဇောရှိ အသံထိန်းကိရိယာမပါဘဲ မောင်းနှင်လျှင်ဖြစ်စေ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်၊ မော်တော်ယာဉ်မောင်း နှင်နေစဉ် ယာဉ်ပေါ်ပါရှိသော အသက်၁၀နှစ်အောက်ကလေးများအား ကလေးအသက်ကယ်ထိုင်ခုံကိုအသုံး မပြုဘဲ စီးနင်းပါက ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ကျပ်သုံးသောင်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေတွင် ဖော်ပြထား ကြောင်းသိရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအသစ်တွင် ယာဉ်ပိုင်ရှင်ကဏ္ဍ၊ ယာဉ်မောင်းအသုံးပြုကဏ္ဍ ဆိုင်ကယ်စီးနှင်းသူ ကားမောင်းသူများ၏ ကဏ္ဍများကို ယခင်ဥပဒေကို မှီငြမ်းပြီး ပြင်သင့်ပြင်ထိုက်သည်များကို ဉပဒေကျွမ်းကျင်သူများက အသစ်ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် တွင်ထုတ်ပြန်ခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို ပြန်လည်ပြင် ဆင်ရာတွင် ပုဒ်မအချို့၏ပြစ်မှုပြစ်ဒဏ်များကို ယခင်ဥပဒေပါပြဌာန်းချက်များထက် တိုးမြှင့်ပြဋ္ဌာန်းထား ပြီးယခုနောက်ပိုင်းတွင် ဥပဒေအသစ်ဖြင့် အရေးယူမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့်ပတ်သက်ပြီး မြို့နယ်အလိုက် ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဥပဒေသစ်တွင် အခန်းပေါင်း (၁၅)ခန်းပါရှိပြီး ပုဒ်မပေါင်း (၁၀၇)ခုပြဌာန်းထားကာ အနိမ့်ဆုံး ဒဏ်ငွေကျပ် ၃ သောင်းမှ အမြင့်ဆုံးဒဏ်ငွေကျပ် ၁၅သိန်းထိလည်းကောင်း၊ အနိမ့်ဆုံးထောင်ဒဏ်တစ်လမှ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ထိလည်းကောင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။
ထိပ်ထားနိုင်


