မန္တလေးမြို့တွင် လူမှုဖူလုံရေး-မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်းနှင့် လူမှုဖူလုံရေး-မြို့တော် အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေး  ၂၄   ဒီဇင်ဘာ

 

လူမှုဖူလုံရေးအဖွဲ့သည် ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြို့တော်ဆေးရုံ၊ မေတ္တာရှင်ဆေးရုံတို့နှင့်ပူးပေါင်း၍ လူမှုဖူလုံရေး-မြို့တော်အထွေထွေရောဂါကု ဆေးခန်းနှင့် လူမှုဖူလုံရေး-မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို  ယနေ့နံနက်ပိုင်းက မန္တလေးမြို့၌ ကျင်းပသည်။

 

ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌမြို့တော်ဝန် ဒေါက်တာရဲလွင်၊ အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်နှင့် ဆေးရုံတာဝန်ရှိသူများမှ ဆေးခန်းများကိုဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

 

ယင်းနောက် ဖွင့်ပွဲအခမ်းအနားကို မြို့တော်ဆေးရုံခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်လာစေရန် မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ် ချမှတ်ပြီးနိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝ လုံခြုံရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုခံစားရရှိစေခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင် အာမခံ အလုပ်သမား (၁ ဒသမ ၂၅)သန်း ခန့်၏ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကိုရရှိစေရန် မြို့နယ် (၁၁၆) မြို့နယ်၌ အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ ခရိုင်ရုံး (၄) ရုံး၊ မြို့နယ် ရုံးခွဲ (၇၈)ရုံး၊ မြို့နယ် ဆေးခန်း(၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၅) ခန်း၊ တိုင်းရင်းဆေးကုခန်း (၁) ခန်း၊ လူမှုဖူလုံရေး- ကဲဝဲလ်ဆေးခန်း (၄) ခန်း၊ Provider Purchaser Split (PPS) စနစ်ဖြင့် စမ်းသပ်ဖွင့်လှစ်သည့် ဆေးခန်း (၃) ခန်း၊ ရွေ့လျား ဆေးကုသယာဉ် (MMU) (၁) စီးတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

ယနေ့တွင် မြန်မာနိုင်ငံ၏ လုပ်သားအင်အားထု ဒုတိယအများဆုံးရှိသည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများ အဆင်ပြေစေရန် လူမှုဖူလုံရေး-မေတ္တာရှင် အထွေထွေရောဂါကုဆေးခန်းနဲ့ လူမှုဖူလုံရေး-မြို့တော် အထွေထွေရောဂါကုဆေးခန်းကို စမ်းသပ်စီမံကိန်းအနေဖြင့် တိုးချဲ့ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှု ကိုအလွယ်တကူလက်လှမ်းမီရရှိနိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေး ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ဦးစားပေးအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်မည့် စာချုပ်ဆေးရုံ၊ ဆေးခန်းများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည် ဆန်းစစ်သုံးသပ်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ရန်ကုန်နှင့်နေပြည်တော်ရှိ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရန်အတွက် PPS စမ်းသပ်ဆေးခန်းများကို မကြာမီ မှာဆက်လက်တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှု ရရှိကောင်းမွန်စေရန်နှင့် ထိရောက်စေရန် အစဉ်တစိုက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေး၏ လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အလုပ်ရှင်၊ အလုပ်သမားများမှလည်း နိုင်ငံတော် အစိုးရနှင့်ပူးပေါင်းပြီး ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌမြို့တော်ဝန် ဒေါက်တာရဲလွင်က အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုကို လူတိုင်းလက်လှမ်းမှီရရှိရေးသည် နိုင်ငံတော်၏ ရည်ရှည်တည်တံ့မှုအတွက် အဓိကကျသည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ ဆေးကုသရာတွင် ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ပြင်ပလူနာဝန်ဆောင်မှုကို​ မေတ္တာရှင်ဆေးရုံ၊ မြို့တော်ဆေးရုံတို့နှင့် စာချုပ်ချုပ်ဆို၍ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးသည့်အတွက် ဝမ်းမြှောက်ဂုဏ်ယူမိပါကြောင်း၊ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမားများ ပုဂ္ဂလိကဆေးရုံမှ တာဝန်ရှိသူများ၊ အစိုးရဌာနမှတာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ ဖွင့်ပွဲအထိမ်းအမှတ်ဂုဏ်ပြု လက်ဆောင်များ ပေးအပ်ခဲ့ပြီး အလုပ်သမား ကိုယ်စားလှယ်ဟိုတယ်မန္တလေးမှ ဒေါ်အိဖြူဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ လူမှုဖူလုံရေးအဖွဲ့သည် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူစာချုပ် ချုပ်ဆိုပြီးပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကို Provider Purchase Split စနစ်အရ မြှင့်တင်ဆောင်ရွက်ခြင်းနှင့် နိုင်ငံတကာ၌ ကျင့်သုံးလျက်ရှိသည့် Capitation အရငွေပေးချေမှုစနစ်ဖြင့် ယင်းဆေးခန်းများကို ဖွင့်လှစ်၍လည်းကောင်း၊ ကျန်းမာရေး ဝန်ဆောင်မှုကုမ္ပဏီများနှင့် သဘောတူ စာချုပ်ချုပ်ဆိုပြီး ဝန်ဆောင်မှုတစ်ကြိမ်အတွက် သတ်မှတ်ထားသည့် နှုန်းထားဖြင့် ငွေပြန်လည်ပေးချေခြင်း (Per visit) ဖြင့်လည်းကောင်း၊ ဆေးဝါးသုံးစွဲမှုအတွက် (Fee for Service) ဖြင့် ငွေပြန် လည်ပေးချေခြင်းနည်းလမ်းများဖြင့် စမ်းသပ်ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

(သတင်းစဉ်)