မန္တလေးမြို့တွင် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပြည်ကြီးတံခွန် ၂၄ မတ်

 

“တီဘီရောဂါကင်းဝေးဖို့ ကဏ္ဍပေါင်းစုံ လက်တွဲလို့ ယနေ့မှစ ဆောင်ရွက်စို့’’ ဆောင်ပုဒ်ဖြင့် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကနောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ၂၀၁၉ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

 

ေ

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာတွင် နှစ်စဉ် တီဘီဝေဒနာရှင်အသစ် ၁၀ ဒသမ ၄ သန်းခန့် ဖြစ်ပွားနေပြီး ၁ ဒသမ ၈ သန်းခန့် သေဆုံးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာမှာ တီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံ၊ တီဘီနှင့် HIV ဒွန်တွဲ ဖြစ်ပွားမှု အများဆုံးနိုင်ငံ၊ ဆေးယဉ်ပါးသော တီဘီဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀) တွင် ပါဝင်လျက်ရှိကြောင်း၊ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းဟာ တစ်ဦးတစ်ယောက်ရဲ့ အရေးမဟုတ်ဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးနှင့်ဆိုင်တဲ့ အမျိုးသားရေးဖြစ်ကြောင်း၊ တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို ပြည်သူလူထု တစ်ရပ်လုံးကပါ ပူးပေါင်းပါဝင် လက်တွဲဆောင်ရွက်မှသာ ထိရောက်အောင်မြင်စွာ တုံ့ပြန်နိုင်မည်ဖြစ်ကြောင်း၊ End TB Goal အရ (၂၀၃၅) ခုနှစ်တွင် လူဦးရေ တစ်သိန်းလျှင် တီဘီရောဂါဖြစ်ပွားမှု (၁၀) ဦးထက် လျော့နည်းစေရန် တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို အထူးအလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။

 

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)