မန္တလေးမြို့တွင် ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထိမ်းအမှတ်နေ့ အခမ်းအနားနှင့် ပညာပေးဟောပြောပွဲကျင်းပ

မန္တလေး ၂၆ မေ

 


ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထိမ်းအမှတ်နေ့ အခမ်းအနားနှင့် ပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေး)ရှိ ရတနာပုံခန်းမ၌ မေ ၂၆ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

 

ewfe

 


အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ဆေးတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်၊ မြန်မာနိုင်ငံ အစာအိမ်နှင့် အူလမ်းကြောင်းအဖွဲ့ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာနွယ်နီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

 


ထို့နောက် မြန်မာနိုင်ငံ အစာအိမ်နှင့် အူလမ်းကြောင်းအဖွဲ့ ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး အစာအိမ်နှင့် အူလမ်းကြောင်း အထူးကုဌာနမှ အထူးကု ဆရာဝန်ကြီးဖြစ်သော ဒေါက်တာ ကျော်လွန်အောင်မှူးမှ အစာမြိုပြွန်ကင်ဆာ အကြောင်းအားလည်းကောင်း၊ ဒေါက်တာ ကျော်စည်သူမှ အစာအိမ်ကင်ဆာအကြောင်းအား လည်းကောင်း၊ ဒေါက်တာ မင်းထွန်းမှ မုန့်ချိုအိတ်ကင်ဆာ အကြောင်းအား လည်းကောင်း၊ ဒေါက်တာနိုင်လင်းမှ အူမကြီး ကင်ဆာအကြောင်းအား လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောဆွေးနွေးသည်။ ဆက်လက်၍ တက်ရောက်လာသူများမှ သိရှိလိုသည်များမေးမြန်းရာ ဟောပြောပွဲဆွေးနွေးသူများမှ ပြန်လည်ဖြေကြားပြီး အစာအိမ်နှင့် အူလမ်းကြောင်းဌာနမှ ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ကျော်လှက နိဂုံးချုပ် အမှာစကားပြောကြားသည်။

 


အဆိုပါ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး)မှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စိတ်ပါသဝင်စားသူများ တက်ရောက်ခဲ့သည်။ ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ အထိမ်းအမှတ်နေ့မှာ မေလ ၂၉ ရက်နေ့ဖြစ်ပြီး ယခုနှစ်ဆောင်ပုဒ်မှာ “အစာအိမ်လမ်းကြောင်းကင်ဆာ စောလျင်စွာကာကွယ်ကုသပါ’’ ဖြစ်သည်။

 


သန်းဇော်မင်း(ပြန်/ဆက်)