မန္တလေးမြို့တွင် ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) ဖွင့်လှစ်

မန္တလေး  ၁၉  မေ 

 

မြန်မာနိုင်ငံ ဂေါက်သီးအားကစား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် R & A တို့ ပူးပေါင်း ဖွင့်လှစ်သော ဂေါက်သီးစည်းမျဉ်းသင်တန်း (R&A Level-1 Rules Seminar 2019) ကို မေလ ၁၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ ရွှေမန်းတောင်ဂေါက်ကွင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် အထက်မြန်မာပြည်မှ သင်တန်းသူ သင်တန်းသား ၉၁ ဦးတို့ တက်ရောက်ခဲ့ကြသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးမှ နိုင်ငံတကာ ဂေါက်သီးအားကစားပြိုင်ပွဲများတွင် ကျင့်သုံး နေသည့် စည်းမျဉ်းစည်းကမ်းများကို အခြေခံမှစ၍ သိရှိနားလည်၍ ကျွမ်းကျင်ပိုင်နိုင်စွာ သွားရောက်ယှဉ်ပြိုင်နိုင်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြန်မာ့ဂေါက်သီးအားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ အားပေးကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနေကြောင်း၊ ဂေါက်သီးလောကတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အခြေခံကျသည့် စည်းမျဉ်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန်နှင့် အသိမှတ်ပြုလက်မှတ်များ ရရှိစေရန် ယခုဖွင့်လှစ်သည့် သင်တန်းဆိုင်ရာ စာမေးပွဲတွင် သင်တန်းသားအားလုံး ဝင်ရောက်ဖြေဆိုကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

 

ဆက်လက်၍ အထက်မြန်မာပြည်ဂေါက်သီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်ကိုကိုကလည်း ယခုသင်တန်းသို့ အထက်မြန်မာပြည်မှ ဝါသနာရှင်သင်တန်းသားအားလုံး စုံညီစွာတက်ရောက်နိုင်စေရန်အတွက် လိုအပ်သော ကူညီမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားကာ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်မှ ရွှေမန်းတောင် ဂေါက်ကွင်းသို့ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာအား လက်ခံရယူခဲ့သည်။

 

ထို့နောက် အထက်မြန်မာပြည် မြို့အသီးသီးမှ တက်ရောက်လာကြသည့် ဂေါက်သီးဝါသနာရှင် သင်တန်းသား သင်တန်းသူ များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)

 

DSC_571