မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

မန္တလေး ၄ ဇန်နဝါရီ

 

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ (၂၀၂၀)ကို ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီခွဲက မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က တာလွှတ်သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်သည်။

 

တာလွှတ်သေနတ် ပစ်ဖောက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲဝင်ကစားသမားများသည် ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့မှ ၂၆ လမ်းအတိုင်း လမ်း(၈၀)အထိ၊ ၎င်းမှ လမ်း(၈၀) အတိုင်း ၁၂ လမ်းအထိ၊ ၎င်းမှ ၁၂ လမ်းအတိုင်း ၇၃ လမ်းအထိ၊ ၇၃ လမ်းမှ မြောက်ဘက် မန္တလေးတောင်ပတ်လမ်း၊ ၁၀လမ်းမှ အရှေ့သို့ ၆၂ လမ်းအထိ၊ ၎င်းမှ ၆၂ လမ်းအတိုင်း ငုရွှေဝါလမ်းအထိ၊ ငုရွှေဝါလမ်း မှ ၆၈ လမ်းအထိ၊ ၆၈ လမ်းအတိုင်း မန္တလာသီရိအားကစားကွင်းအတွင်း ပန်းဝင်ခဲ့ကြသည်။

 

ထို့နောက် မန္တလာသီရိအားကစားကွင်းတွင် ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ဆုရရှိသော အားကစားသမားများအား မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲကို အလွတ်တန်းအမျိုးသား၊ အမျိုးသမီး၊ လူသစ်တန်းအမျိုးသား၊ အမျိုးသမီးနှင့် နိုင်ငံခြားသား များအပါအဝင် ပြိုင်ပွဲဝင် သုံးထောင်နီးပါး ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)