မန္တလေးမြို့တော် စည်ပင်သာယာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

မန္တလေး ၅ ဧပြီ

 

မန္တလေးမြို့တော် စည်ပင်သာယာရေးဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါထောက်ပံ့ပွဲသို့ မန္တလေးမြို့တော်ဝန် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာရဲလွင် တက်ရောက်၍ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို မိဘပြည်သူများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဝန်ထမ်းများ တစ်ဝက်စီခွဲ၍ ရုံးတက်စေပြီး ရုံးတက်ရသောဝန်ထမ်းများအား Mask များ နေ့စဉ်ဝေငှ၍ တပ်ဆင်စေခြင်း၊ အပူချိန်တိုင်းခြင်းနှင့် စနစ်တစ်ကျလက်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့တွင်လည်း အခြေခံဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆန်နှင့် ကြက်ဥ၊ ကုလားပဲနှင့် ခေါက်ဆွဲခြောက်ထုပ်များကို တတ်နိုင်သမျှ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲ ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသော မြို့တော်စည်ပင်ဝန်ထမ်းများအား မြို့တော်နေပြည်သူလူထုက ထောက်ခံအားပေးလျက်ရှိရာ ယနေ့တွင် ဆန်နှင့် မားမားခေါက်ဆွဲခြောက်ထုပ်များ ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် မြို့တော်ဝန်က ပြောကြားသည်။

 

မြို့တော်စည်ပင်ဝန်ထမ်းများအတွက် A Bank ဦးအာယု၊ စံပြနွယ်ပွဲရုံ ဉီးစိုင်းကျော်၊ မိုးပုလဲပွဲရုံ ဦးတင်ဝင်းအောင်၊ သစ္စာပွဲရုံ ဦးကျော်အောင်တို့က တစ်တင်းခွဲ ဆန်အိတ်ပေါင်း ၁၄၀ အိတ်တို့ကိုလည်းကောင်း၊ မားမားကုမ္ပဏီမှ မားမားခေါက်ဆွဲခြောက်ထုပ် (၁၈၀)ပါ ၅၆ ဖါတို့ကိုလည်းကောင်း လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များသည် မြို့တော်ခန်းမအတွင်း ဝန်ထမ်းများ ထောက်ပံ့ပေးအပ်ရန် ၄ ပြည်ဝင် ဆန်အိတ်များနှင့် ကြက်ဥကတ်များ၊ ကုလားပဲ ၅၀ သားများကို ဌာနတစ်ခုချင်းစီအလိုက် စနစ်တကျ နေရာချထားမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန ဌာနမှူး ဦးစောထွန်းဦးက ရှင်းလင်းတင်ပြခဲ့ပြီး မြို့တော်ဝန်က လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များမှတစ်ဆင့် ဝန်ထမ်းတစ်ဦးချင်းစီအား ထပ်ဆင့်ခွဲဝေပေးရန်၊ တစ်ဦးနှင့်တစ်ဦး ၃ ပေအကွာတွင်နေရန်၊ Mark များ တပ်ဆင်ထားကြရန် သက်ဆိုင်ရာဝန်ထမ်းများအား မှာကြားခဲ့သည်။

 

မြို့တော်စည်ပင်ဝန်ထမ်းများအား ထောက်ပံ့ရန် ကြက်ဥများကို မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) မှလည်းကောင်း၊ ကုလားပဲများကို ကြယ်သုံးလုံး ပဲခွဲစက်မှလည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

 

တင်မောင်(မန်းကိုယ်ပွား)

 

mdy1244