မန္တလေးမြို့ရှိ နှစ်ပေါင်း ၁၈၀ သက်တမ်းရှိ ရှေးဟောင်းကျွန်းခုတင်ကြီး ရေရှည်တည်တံ့စေရန် ထိန်းသိမ်းနည်းပညာစာအုပ် ပေးအပ်

မန္တလေး ၇ ဇွန်                   

 

မန္တလေးမြို့တွင် နှစ်ပေါင်း ၁၈၀ သက်တမ်းရှိ ရှေးဟောင်းသစ်သား ကျွန်းခုတင်ကြီးအား ရေရှည်တည်တံ့စေရန် အတွက် ပြုစုထားသည့် ထိန်းသိမ်းစောင့်ရှောက်နည်း စာအုပ်ကို ကမ္ဘာ့ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့မှ ဇွန် လ ၆ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါထိန်းသိမ်းနည်း စာအုပ်ပြုစုရန်အတွက် ကမ္ဘာ့ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့မှ မြန်မာနိုင်ငံ ပရောဂျက်မန်နေဂျာ မစ္စတာဂျက်(ဖ်)အယ်လန်နှင့် အီတလီနိုင်ငံသူ သစ်သားပညာရှင် မစ်အူစလာတို့က ဖေဖော်ဝါရီလအတွင်းက အဆိုပါခုတင်ကြီးကို လာရောက်လေ့လာကြည့်ရှုခဲ့ကြပြီး ၎င်းထိန်းသိမ်းနည်းစာအုပ်ကို ရေးသားပြုစုပေးခြင်းဖြစ်ကြောင်း မစ္စတာဂျက်(ဖ်)အယ်လန် က ပြောသည်။

 

"ဒီခုတင်နဲ့သေတ္တာက ဦးစိုးဝင်းမြင့်တို့ရဲ့ ဘိုးဘွားအမွေအဖြစ် အစဉ်အဆက်ပိုင်ဆိုင်လာခဲ့တာပါ။ တန်ဖိုးသိပ်ရှိပါတယ်။ ဦးစိုးဝင်းမြင့်က ဒီပစ္စည်းတွေကို ဘယ်လိုစနစ်တကျ ထိန်းသိမ်းရမလဲဆိုတာ သိချင်တာ။ ဒါကြောင့် ဦးစိုးဝင်းမြင့်ကို ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းနည်းစာအုပ်ကို ပေးတာပါ။ အမေရိကန် နိုင်ငံ၊ အီတာလျံနိုင်ငံ၊ မြန်မာနိုင်ငံ ၃ နိုင်ငံရဲ့ ပါဝင်မှုနဲ့ ထိန်းသိမ်းမှာဖြစ်တယ်။ အခု အီတလီနိုင်ငံသူ သစ်သားပညာရှင် အူစလာက မန္တလေးတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်က ကျောင်းသူလေး ၆ ယောက်နဲ့အတူ  နည်းပညာ၊ ဆေးဝါးတွေနဲ့ လက်တွေ့ပြုပြင်ထိန်းသိမ်း ပေးသွားမှာဖြစ်ပါတယ် " ဟု ၎င်းက ပြောသည်။

 

အဆိုပါ ခုတင်ကြီးမှာ မူလက မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးဒေသ ချစ်သူရွာတွင် မင်းတုန်းမင်းကြီးမှ သူ၏ ငယ်ဆရာဖြစ်သူ ပခန်းမင်းကြီး ဦးရန်ဝေးအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဘိုးဘွားပိုင်အဖြစ် အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြောင်း လက်ရှိခုတင်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ထားသူ ဦးစိုးဝင်းမြင့်က ပြောသည်။

 

” ဒီစာအုပ်ကို ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့သူတွေအတွက် မြန်မာလိုပြန်ဆိုပြီး မျှဝေပေးသွားမှာပါ။ မြန်မာ့ရှေးဟောင်းပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းဖို့ အမေရိကန် အခြေစိုက် ကမ္ဘာ့ ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေအဖွဲ့က အလေးအနက်ထားပေးတဲ့အတွက် မြန်မာပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ ချစ်ကြည်ရင်းနှီးမှုဟာ ဒီရှေးဟောင်းပစ္စည်းတွေကို အကြောင်း ပြုပြီး ပိုမိုရင်းနှီးချစ်ကြည်လာစေမယ်လို့ ကျွန်တော်ကတော့ ခံယူပါတယ်" ဟု ၎င်းကဆက်လက် ပြောသည်။

 

မြန်မာနိုင်ငံတွင်  သစ်သားဖြင့် ပြုလုပ်ထားသည့် ရှေးဟောင်းအမွေအနှစ်များစွာရှိပြီး ယခုတွေ့ရှိရသည့် ခုတင်ကြီးမှာလည်း  ပျက်စီးမှုနည်းပါးစွာ တွေ့မြင်ရခြင်းအတွက်  ဝမ်းသာဂုဏ်ယူမိကြောင်းနှင့် ရှေးဟောင်းပစ္စည်းများ ပြုပြင်ထိန်းသိမ်းနည်း စနစ်ကို မန္တလေးနည်းပညာတက္ကသိုလ် ကျောင်းသူလေးများအား အဆိုပါ ခုတင်ကြီးဖြင့် အီတလီသစ်သားပညာရှင် မစ္စစ်အူစလာက လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)