မန္တလေးမြို့ရှိ ဈေးငါးခုကို ဓာတုဆိုးဆေးကင်းစင်စေရန် ရှောင်တခင်စစ်ဆေးမည်

မန္တလေးမြို့ရှိ ဈေး  ငါးခုကို  ခွင့်မပြုဓာတုဆိုးဆေး ကင်းစင်စေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန  (မန္တလေးရုံးဌာန)  FDA မှ ရှောင်တခင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါဈေးများမှာ ရတနာပုံ (စ)ဈေး၊ နန်းရှေ့ဈေး၊ ဆရာစံဈေး၊ ဘုရားကြီးဈေး၊ တံခွန်တိုင်ဈေးတို့ဖြစ်ပြီး ယင်းဈေးများကို မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းကာ စစ်ဆေးသွားမည်ဖြစ်သည်။

 

"မန္တလေး ဈေးချိုတော်လို ဓာတုဆိုးဆေးကင်းစင်စေရန်အတွက် အခုလို လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ခွင့်မပြုဓာတုဆိုးဆေး တွေ့ရှိပါက စည်ပင်ဥပဒေအရ ဆိုင်ခန်း ယာယီပိတ်သိမ်းခြင်းနဲ့ ဆိုင်ခန်းရောင်းချခွင့် အပြီးပိတ်သိမ်း အရေးယူခြင်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။

 

ထို့ပြင် ဈေးချိုတော်ရှိ ခွင့်မပြု ဓာတုဆိုးဆေးကင်းစင် အသိအမှတ်ပြု ကတ်ပြားပေးအပ်ထားသည့် ဈေးဆိုင်များကို ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ပြီး ရှောင်တခင် စစ်ဆေးခဲ့ရာ ဆိုင်ရှစ်ဆိုင်တွင်  ရောင်းချနေသည့် ငရုတ်သီးမှုန့်နှင့် ပုစွန်ခြောက်များတွင်  ဆိုးဆေးစစ်ဆေးတွေ့ရှိခဲ့သဖြင့် အရေးယူထားကြောင်း သိရသည်။

 

"ဆိုးဆေးတွေ့ရှိတဲ့ ဆိုင်တွေကို ဒဏ်ငွေ ငါးသောင်း၊ တစ်သိန်း  ဒဏ်ရိုက်တယ်၊ ခံဝန်ထိုးခိုင်းတယ်၊ ယာယီပိတ်သိမ်းထားတာ တွေရှိတယ်၊  ကတ်ပြားပြန်သိမ်းထားတာတွေ ရှိတယ် " ဟု ၎င်းကပြောသည်။

 

မန္တလေးဈေးချိုတော်တွင်  ခွင့်မပြု ဓာတုဆိုးဆေး   စစ်ဆေးတွေ့ရှိသည့်ဆိုင်များကို အရေးယူရာတွင်  ၂၀၁၆ ခုနှစ်တွင် ခံဝန်ကတိ ရေးထိုးခဲ့သည့် ဆိုင် ၁၆၃ ဆိုင်၊  ဒဏ်ငွေဆောင်ရတဲ့ ဆိုင်တစ်ဆိုင်၊ စုစုပေါင်းသိမ်းဆည်း၊ ဖျက်ဆီးတန်ဖိုး  ငွေကျပ်    ၅၅၀၅၅၀ ရှိခဲ့ပြီး  ၂၀၁၇ ခုနှစ်တွင်   ခံဝန်ကတိရေးထိုးခဲ့သည့် ဆိုင် ၈၆ ဆိုင်၊ ဒဏ်ငွေဆောင်ရသည့်  ဆိုင်ရှစ်ဆိုင်၊ စုစုပေါင်း သိမ်းဆည်း၊ ဖျက်ဆီး တန်ဖိုးငွေကျပ် ၁၉၂၄၄၅ ရှိခဲ့ကြောင်း သိရသည်။

 

ဈေးချိုတော်ကို ခွင့်မပြု ဓာတုဆိုးဆေးကင်းစင်သည့် ဈေးဖြစ်ပေါ်လာစေရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေးဌာနခွဲ)နှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းကာ ၂၀၁၆ ခုနှစ်မှ စတင်ကာ စီမံချက်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၈  ခုနှစ် ဇူလိုင်လ ၂၅ ရက်တွင်  ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သည့် ဈေးချိုတော်အဖြစ် ကြေငြာနိုင်ခဲ့သည်။

 

သူရိန်လင်း