မန္တလေးမြို့ရှိ စျေးများတွင် နှာခေါင်းစည်းမတပ်ဘဲ စျေးဝယ်သူနှင့် စျေးရောင်းသူ စုစုပေါင်း ၁၅၄၀ အား အရေးယူထား

မန္တလေး ၂၉  ဇူလိုင် 

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြပ်မတ်လျက်ရှိသည့် စျေးများတွင် သုံးလအတွင်း နှာခေါင်းစည်း မတပ်ပဲ စျေးဝယ်သူနှင့် စျေးရောင်းသူ စုစုပေါင်း ၁၅၄၀ ကို ဒဏ်ရိုက်အရေးယူခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ 

 

မန္တလေးမြို့တော် စည်ပင်ပိုင်စျေးများတွင် နှာခေါင်းစည်းတပ်ရန် နေ့စဉ် နှိုးဆော်ကြပ်မတ်လျက်ရှိပြီး နှာခေါင်းစည်း မတပ်သည့် စျေးဝယ်သူ ၊ စျေးရောင်းသူများကို နှာခေါင်းစည်း နှစ်ခုကို ငွေကျပ် ၅၀၀၀ ဖြင့် ဝယ်ယူစေရန် ဒဏ်ရိုက် ခဲ့ကြောင်း သိရသည်။ 

 

“စျေးများမှာ နှာခေါင်းစည်းတပ်ရေး နေ့စဉ်ကြပ်မတ်လျက်ရှိပါတယ်။ နှာခေါင်းစည်းမတပ်သူတွေကို နှာခေါင်းစည်း ဝယ်ယူစေခြင်း ဆောင်ရွက်နေပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။

 

စည်ပင်သာယာပိုင်စျေးများ၌  မေလတွင်   ၁၂၇၀၊ ဇွန်လတွင် ၂၀၄ ဦး ၊ ဇူလိုင် ၁ ရက်မှ ၂၈ ရက်အထိ စျေးသည် ၅၄ ဦး၊ စျေးဝယ် ၁၂ ဦး စုစုပေါင်း ၆၆ ဦး စုစုပေါင်း ၁၅၄၀ ကို နှာခေါင်းစည်းများ ဝယ်ယူစေခဲ့ကြောင်း သိရသည်။

 

မေသက်ထား